Wednesday, May 29, 2013

ပြေငြိမ်းသွားကြပါစေ ...

ဖေ့ဘွတ်ကို ခဏ တဖြုတ်သုံးတယ်။ မီးရှို့တဲ့ သတင်းနှင့် တခြားသတင်းတွေ ဖတ်ရတာ စိတ်မကောင်းပါဘူး။ ဒီကြားထဲမှာ အေးအေး ဆေးဆေး နေတတ်သော ကိုယ့်သူငယ်ချင်းများ၏ ကွန့်မန့် အပြန်အလှန်ပေးနေကြပုံ .. စကား အခြေအတင် ပြောနေရပုံတွေကို ကြည့်ပြီး စိတ်မကောင်းပါဘူး။


မြန်မာနိုင်ငံမှာ နေထိုင်စဉ် အချိန်တုန်းက ရေးခဲ့ဖူးသော ဘလော့အဟောင်းမှ ဓာတ်ပုံများ ကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။  

26.12.2009
Yangon, Myanmar



ဒီ ဓာတ်ပုံက St. Mary ဘုရားကျောင်း ထဲက ဘုရားကျောင်းဆောင်ပါ။ ရွှေရောင် တံခါးက အဖွင့် အပိတ် လုပ်လို့ရပါတယ်။ ဒါပေမယ့် ဘုရားဖူး လာရောက်ကြတဲ့ လူတွေက အထဲကိုတော့ ၀င်လို့ မရပါဘူး။


မီးလုံး အနီလေး ဘေးက ကျောင်းဆောင်က Sacrament ..


ဒါက ဘုရားကျောင်း ညာဘက်ခြမ်း



အထဲမှာတော့ ( Saint - အတိုကောက် St. ) သူတော်စင်များရဲ့ ရုပ်ထုတော်များ ရှိပါတယ်။
ဒါက မယ်တော် မာရီယာ ဆင်းတုတော်


ဗေလန်ကန်နီ ကျန်းမာရေးမယ်တော်
 


The Sacred Heart Of Jesus Christ

 ဒါက သခင်ယေဇူး ( ယေရှု ) ၏ ရွှေနှလုံးတော်မြတ်
RC တွေက ယေဇူးလို့ ခေါ်ပြီး
Baptist တွေက ယေရှုလို့ ခေါ်ပါတယ်။
အင်္ဂလိပ်လိုဆိုရင် Jesus Christ

ဒီမှာလည်း နောက်ထပ် တံခါး ရှိသေးတယ်။ ဘုရားဖူး လာသူတွေ အဲဒီ တံခါးကို ဖွင့်လို့ မရဘူး။
ဒီဘက်ဘေးနားက ခုံက အာပတ်ဖြေတဲ့ ခုံ .. ဟိုဘက်ခြမ်းမှာ ဖာသာ ထိုင်ပြီး .. ဒီဘက်ခြမ်းမှာ အာပတ်ဖြေမယ့်သူ ဒူးထောက်ပြီး အာပတ်ဖြေတယ်။
 

တခြား ရုပ်ထုတွေက ကိုယ်လည်း နာမည် မသိဘူး။



ဘုရားကျောင်း .. ဘုရားစင် ရှေ့ .. အလယ်နားကနေ ဘုရားကျောင်း ၀င်ပေါက်ကို လှမ်းမြင်ရတဲ့ အနေအထား။
အဲဒီ တံခါးမကြီးက ဘုရားကျောင်းဖွင့်သည့်အချိန် ( Mass - church services )  ရှိတဲ့ အချိန်ပဲ ဖွင့်တယ်။
ကျန်တဲ့ အချိန်တွေက ဘုရားကျောင်း ရဲ့  ဘေးတံခါး ဖွင့်ပါတယ်။
 


မှတ်မိသလောက် ... ၂၀၁၁ မတိုင်ခင်ကတော့ အဲဒီ ဘုရားကျောင်းက မနက် ၆ နာရီမှာ Mass ( မစ္ဆားတရား ) ရှိတယ်။ နေ့တိုင်း ရှိတယ်။ အဲဒီ တံခါးပေါက်က Mass ( မစ္ဆားတရား ) ရှိတဲ့ အချိန်တွေ ဖွင့်တယ်။ Mass ( မစ္ဆားတရား )  ပြီးသွားရင် အဲဒီ တံခါးမကြီး ပြန်ပိတ်ထားတတ်ပြီး ဘေးတံခါး ဖွင့်ထားတတ်တယ်။
ဘေးတံခါးတွေကလည်း မနက် ၁၀ နာရီအထိ ဖွင့်ထားတတ်တယ်။
ညနေ ၄ နာရီကနေ ၆ နာရီမှာ ပြန်ဖွင့်ပေးတတ်တယ်။
ညနေ ၄း၃၀ (သို့မဟုတ် ) ညနေ ၅ နာရီ Wed, Sat, Sun တွေမှာ Mass ရှိလို့ ဖွင့်ပေးထားတတ်တာတော့ မှတ်မိသေးတယ်။


စိန့်မေရီ ဘုရားကျောင်း ဂိတ်တံခါး ဖွင့်ထားတတ်ပေမယ့် ..

အဲဒီ ဘုရားကျောင်း ရဲတိုက်ကြီးက Church services ရှိတဲ့ အချိန်တွေပဲ ဖွင့်ထားတတ်တယ်။
ကျန်တဲ့ အချိန်တွေက ပိတ်ထားတယ်။
ပစည်းတွေ ပျောက်လို့ ပိတ်ထားတတ်တယ်။ Church services မရှိတဲ့ အချိန်ဆိုရင် ဘုရားကျောင်း အဆောက်အဦးထဲမှာ လူ သိပ် မရှိတော့ဘူး။ အဲဒါကြောင့်မို့ ဘုရားကျောင်း အဆောက်အဦးက အမြဲမဖွင့်ထားဘူး။
 

ပရိတ်သူငယ်တော်ယေဇူး


မယ်တော်
" ကက်သလစ်တို့အထွဋ်အမြတ်ထားရာ သန့်ရှင်းသောဂူဗိမာန် "



 ဘုရားကျောင်း ဘေးဘက်ခြမ်း ..
သြော် .. အဲဒီ ကြွေပြားပေါ်မှာ ဖိနပ် စီးလို့ မရဘူး။ :)


 သူ့ရိုးရာ သူ့ဓလေ့ပေါ့ ..
အနောက်နိုင်ငံ တိုင်းပြည်တွေမှာတော့ ဖိနပ်ချွတ်တဲ့ အယူအဆ မရှိဘူး။
အဲဒီ အချိန်တုန်းက သားသားဖိနပ်က ပြန်စီးရ၊ ပြန်ဝတ်ရ အလုပ်ရှုပ်လို့ မချွတ်တော့ဘူး။




 အဲဒီ မယ်တော် - သန့်ရှင်းသောဂူဗိမာန် နှင့် မျက်နှာချင်းဆိုင်မှာ မြင်ရသော စိန့်မေရီ ဘုရားကျောင်း 

ဒီဓာတ်ပုံမှာ မြင်ရတဲ့ တံခါးပေါက်က ဘုရားကျောင်း ဘေးတံခါးပေါက် ...

 ရဲတိုက်က အဲဒီ ဘုရားကျောင်း ရဲတိုက်ကြီးထဲကို ၀င်ချင်တာနှင့် တူပါတယ်။   သူ့ အဲဒီ တံခါးပေါက်ကို နေ့လည်ပိုင်းမှာ သွားဖွင့်တော့ ဘုရားကျောင်း အစောင့်က တာဝန်အရ ၀င်ခွင့်မပေးတာကို ပေါက်ကွဲသွားတာနှင့် တူပါတယ်။


credit image : St.Mary Cathedral Fb Fan Page

ဒါကြောင့် မယ်တော် ဂူဗိမာန်ကနေ လှမ်းမြင်နေရသော စိန့်မေရီဘုရားကျောင်းကို ထိုင်ရှီခိုးနေတော့ မယ်တော်ကို ကျောခိုင်းပီး ရှီခိုးသလိုမျိုး ဖြစ်သွားတယ်။ :D

ကိုယ့်ထင်သလို မှန်နေရင် ..
 ရီစရာကြီးပဲ .. 

တလွှဲ ..
 
 


 လှေကားနားမှာ လူတွေ ထိုင်နေတယ် တွေ့လား။ အဲဒါက နောက်ထပ် တံခါးပေါက် .. အဲဒီကနေ တရားဟောမယ့် Father ဖာသာတွေနဲ့ ဘုရားအကျိုးတော်ဆောင်တွေ အဲဒီ တံခါးပေါက်ကနေ အ၀င်အထွက် လုပ်တယ်။ ဘုရားကျောင်း .. တံခါးပိတ်ထားလည်း အဲဒီ လှေကားမှာ ထိုင်လို့ ရတယ်။ ဘုရားကျောင်းထဲကို ကားပါ ၀င်လို့ ရတယ်။
 


 လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က အဲဒီ လှေကားမှာ သူငယ်ချင်းနှင့် ထိုင်ပြီး စကားတွေ ပြောဖူးသေးတယ်။
 


 ဘုရားကျောင်း အောက်ဘက် .. မြေအောက်ခန်း .. ပြူတင်းပေါက် ..

ဒီဘက်ဘေးနား လှေကားက ဘုရားကျောင်း ဘေးတံခါးပေါက်

ဘုရားကျောင်း တံခါး သုံးခု ရှိတယ်။
( ဘေး တံခါး နှစ်ခု နှင့် အလယ် တံခါးမကြီး တခု )
 

အဲဒီ ဘေးတံခါးက ဆင်းလာပြီးရင်

 
ကိုယ်တော်မြတ် စက္ကရမင်းတူး
( ကက်တလစ် ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ .. Sacrament ) 
သူတို့ ဘာသာဝင်တွေ အရမ်း ရိုသေ လေးစားသော Sacrament
ကက်တလစ် ဘာသာဝင်တွေ ပင့်ဖိတ်ရင်တောင် တရိုတသေ တလေးတစား .. ထားတတ်ကြတယ်။
ဘုန်းကြီး Father ဆီက ကိုယ်တော်မြတ် စက္ကရမင်းတူး ပင့်ဖိတ်ရင် ...
 အောက်တောင် ပြုတ်ကျလို့ မရဘူး။
တရိုတသေ ပင့်ဖိတ်တတ်ကျတာလေ။ သူတို့တွေက အဲလောက်တောင် ရိုသေတာ :)
 
အဲဒီ ကိုယ်တော်မြတ် စက္ကရမင်းတူး ကျောင်းဆောင်ကို ရောက်သွားလိမ့်မယ်။

အဲဒီကျောင်းဆောင်က စိန့်မေရီ ဘုရားကျောင်း ... ဂိတ်တံခါး ဖွင့်ချိန်တွေမှာ ကျောင်းဆောင်ထဲ ၀င်ကြည့်လို့ ရပါတယ်။ 
 
မယ်တော် ဂူဗိမာန်က ဘုရားကျောင်း ညာဘက်ခြမ်း
( ကိုယ်တော်မြတ် စက္ကရမင်းတူး ) Sacrament ကျောင်းဆောင်က ဘုရားကျောင်းရဲ့ ဘယ်ဘက်ခြမ်း

အဲဒီ နှစ်ခုက စိန့်မေရီ ဘုရားကျောင်း .. ဂိတ်တံခါးဖွင့်ရင် ၀င်ကြည့်လို့ရပါတယ်။



 သန့် ရှင်းသော ဓါတ်တော်မွေတော်ထားရာဗိမာန်တော်

( ကတ်တလစ်တွေ သုံးထားတဲ့ စကား အသုံးအနှုန်းအတိုင်း ရေးထားတာပါ။ )  

 ပန်းအိုး နှစ်လုံး အလယ်က ကျောင်းဆောင်က
( ကိုယ်တော်မြတ် စက္ကရမင်းတူး )
ဘုရားသခင်၏ အသွေးတော်၊ အသားတော်မြတ်

ရဲတိုက် .. ဒူးထောက် ရှီခိုးချင်တာက စိန့်မေရီဘုရားကျောင်း ရဲတိုက်ကြီးထဲက Jesus Christ ...
အဲဒီ  ဘုရားကျောင်း အဆောက်အဦးက သူ့လာတဲ့ အချိန် Church services မရှိလို့ ပိတ်ထားတယ်။
သူ့ သွားလို့ ရတဲ့ နေရာက

သန့် ရှင်းသော ဓါတ်တော်မွေတော်ထားရာဗိမာန်တော် ( သို့မဟုတ် )
( ကိုယ်တော်မြတ် စက္ကရမင်းတူး ) ကျောင်းဆောင်

အဲဒီ 
( ကိုယ်တော်မြတ် စက္ကရမင်းတူး )
ကို Jesus Christ မှန်း သူ့မသိဘူး။
အဲဒါကို သူ့က ကျောခိုင်းပြီး Church အဆောက်အဦးကို ဒူးထောက်ရှီခိုးနေတယ်။
ပါးစပ်ကလည်း ဘုရားရှီခိုး ဆုတောင်းသံတွေ အကျယ်ကြီး အော်ဆိုနေတော့ ...
အထင်လွှဲစရာတွေ ဖြစ်ကုန်တာပေါ့ ...



သူ .. ရွှေတိဂုံဘုရား ဇရပ်ဇောင်းတန်းကနေ ရွှေတိဂုံဘုရားကို ဖူးပြီး ဘုရားရှီခိုး အော်ဆိုနေကြမို့လို့နဲ့တူပါတယ်။

 

RC တွေက ဘုရားရှီခိုး ... စိတ်ပုတီးစိတ်တဲ့ အခါမှာ စိတ်ထဲကပဲ ရွှတ်ဆို ဆုတောင်းတတ်ကြပါတယ်။
 


 အဲဒီကျောင်းဆောင်က ဖွင့်တာ ၅ နှစ် မပြည့်သေးဘူး။ ဖာသာ ဒေးဗစ် လက်ထက်ကလို့ ထင်တာပဲ။
၂၀၀၉ ခုနှစ်က ဖွင့်ကာစပဲ ရှိသေးတယ်။ သူ့က တချိန်လုံး ဖွင့်တယ်။
ဘေးနားမှာ မီး အနီလေးက အမြဲထွန်းထားတတ်တယ်။

ရဲတိုက်က အဲဒါတွေကို နားမလည်တာလား၊ မသိတာလား မသိပါဘူး။
ဖြစ်မှ ဖြစ်ရလေ ..

သူ့ ရှီခိုးချင်သော .. စိန့်မေရီ ဘုရားကျောင်းက သူ့လာတဲ့ အချိန်မှာ ဘုရားကျောင်း .. အဆောက်အဦးတံခါး ပိတ်ချိန်မို့ ဘုရားကျောင်းတံခါး ပိတ်ထားတယ်။

ဖွင့်ထားသော နေရာတွေက တကယ့် အထွတ်အမြတ် ထားသော နေရာတွေ ...
အဲဒီနေရာကနေ စိန့်မေရီ ဘုရားကျောင်းကို ထိုင်ရှီခိုးနေတော့ ဘုရားစင်တွေကို ကျောခိုင်းပြီး ရှီခိုးသလိုမျိုးဖြစ်နေတာပေါ့ ...



 credit image : St.Mary Cathedral FB Fan Page

အကယ်လို့များ ..
ရဲတိုက်က မနက် ၉ နာရီ မတိုင်ခင် အဲဒီ ဘုရားကျောင်းကို ရောက်ဖြစ်ခဲ့မယ်ဆိုရင် ..
ဒါမှ မဟုတ် ညနေ ၄ နာရီ ခွဲလောက် အဲဒီ ဘုရားကျောင်းဝင်းထဲကို ရောက်ဖြစ်ခဲ့မယ်ဆိုရင် ...
စိန့်မေရီ ဘုရားကျောင်းတော်ထဲကို သူ့ ၀င်လို့ရမှာပါ။

သတင်းထဲမှာ .. ရဲတိုက်က ...
နောက်တစ်ခေါက် ထပ်သွားတော့ ချာခ်ျ ကျောင်းထဲက တာဝန်ရှိတဲ့ တစ်ယောက်က
 
'မင်းမလာနဲ့။ မင်းနဲ့ ဘာပတ်သက်လို့လည်း မင်းဘာလဲဆိုတာ သိတယ်၊ လာမရှုပ်နဲ့၊ သွားစရာ ရှိတာသွား' 


ဆိုပြီး ပြောလိုက်လို့ စိတ်ဆိုးသွားတယ်လို့ မြန်မာတိုင်း(မ်) သတင်းထဲမှာ ဖတ်မိပါတယ်။

ကိုယ့်ကတော့ ဘေးလူ တစ်ယောက်အနေနှင့်  သူတို့ အပြုအမူကို ကြည့်ပြီး ရီချင်တာပဲ သိတယ်။

ရဲတိုက်ကို ... သူများတွေ မြင်သလို ဘာသာရေး  ပဋိပက္ခ ဖြစ်အောင် လုပ်တယ်လို့ မမြင်ပါဘူး။

ကိုယ် ထင်မြင်ယူဆချက် မှားချင်လည်း မှားနိုင်မှာပါ။

ဒါပေမယ့် ...
အချင်းချင်း ...
ပြေငြိမ်းသွားကြပါစေ ..
အေးဆေးသွားပါစေလို့ပဲ ဆုတောင်းပါတယ်။

သြော် ..

အမှု့က နောက် အပတ် ဇွန် ၁၀ ရက်နေ့မှာ အမှု့စစ်ဆေးမယ်လို့ ဖတ်ရပါတယ်။
ပြေငြိမ်းသွားကြပါစေ ...

 စကားမစပ် .. ကိုယ့်သူငယ်ချင်းက သတင်းပို့တယ်။ ဒီနေ့ Wed ဆိုတော့ စိန့်မေရီမှာ ညနေ ဘုရားဝတ်ပြု ဆုတောင်းပွဲ အပတ်တိုင်း ရှိတတ်ပါတယ်။ ဒီနေ့ ဘုရားကျောင်းလာတဲ့လူ များတယ်တဲ့။ လာမယ့် တနင်္ဂနွေနေ့လည်း လူပိုများနိုင်တယ်တဲ့ ....

 
 

ကိုယ်တော်မြတ် ဘုရားကျောင်းဆောင်တိုက်ရှေ့က ရေကန်

 
St. Mary ဘုရားကျောင်းရှေ့က မြန်မာတိုင်း ဂျာနယ်တိုက်



credit imapge : Soe Zeya Tun 

ရဲတိုက် အနောက်က အနီရောင်ဝတ်ရုံ ၀တ်ထားသော ဘုရားသခင် ရုပ်ထု အမည်က


သိုးထိန်းကောင်း

" လမ်းပျောက်ပြီး အိမ်ပြန်လာတဲ့ သိုးသူငယ်ကို ပုခုံးပေါ် တင်ထားတဲ့ သခင်ယေရှု ရုပ်တု "

မှတ်မိသလောက်က .. 
အနီးစပ်ဆုံး စကားလုံးပဲ ရေးပါ့မယ်။ အတိအကျတော့ မဟုတ်ဘူး။ သိပ်မမှတ်မိတော့လို့ ..
အဲဒီ ရုပ်တု အကြောင်းက ...
အဖေ တစ်ယောက်ရဲ့ ဆိုးသွမ်းသော အငယ်ဆုံးသား အိမ်ကနေထွက်သွားပြီး နှစ်ပေါင်းများစွာ ကြာမှ အိမ်ကိုပြန်လာတယ်။ အဖေက ၀မ်းသာအားရ ကြိုဆိုတယ်။

လမ်းပျောက်ပြီး အိမ်ပြန်လာသော သိုးမည်း တစ်ကောင်ကို ပြန်တွေ့လိုက်ရတဲ့ ပျော်ရွှင်မှု့မျိုးနှင့် ၀မ်းသာ အားရ ကြိုဆိုတယ်။

" Lost Sheep Found by The Shepherd "

7 comments :

ဆုမြတ်မိုး said...

ခရစ်ယာန်ဘာသာကအေးချမ်းပါတယ်အမရယ် ။ ညီမတို့စစ်တွေမှာနေခဲ့တုန်းက အိမ်ကလည်း church နဲ့နီးနီးလေး ။ ညီမတို့တက်ကသိုလ်ဆိုရင် ဘယ်ဘက်မှာ RC နဲ့ ညာဘက် Baptist Church .. ။ အာစီ (ရွှေနှလုံးတော်ကျောင်းဆိုရင် ညီမတို့သွားသွားနေကျနေရာ) အမြဲတမ်းကြိုဆိုပါတယ် ။ သူတို့တွေ တအားဖော်ရွေတာ ။ ခရစ်စမတ်ဆိုရင်လည်းကျမ်းစာသွားဖတ်ကြတယ်။ ငယ်တော့လည်းအပျော်ပေါ့နော်..။ ဘာသာမတူဘူးဆိုပြီး ဘယ်တုန်းကမှ သူတို့ပစ်ပစ်ခါခါမရှိပါဘူး ။ သူငယ်ချင်းတွေ church မှာနေပြီးကျောင်းတက်ကြတယ် .. သူတို့နေရာတွေကိုသွားလည်ကြတာပဲ ။ လူမှာလည်းလူစည်း ၊ ဘီလူးမှာလည်းဘီလူးစည်းပေါ့ ။ ငါမင်းသားဆိုပြီး လုပ်ချင်တိုင်းလုပ်လို့မှမရတာနော်..း) ရဲတိုက်တော့သရုပ်ဆောင်ကောင်းပါတယ်ဆိုမှ... ဘယ်လိုဖြစ်သွားလဲမသိတော့ ပါဘူး

သီရိရတနာ said...

@ ဆုမြတ်မိုး - ဘုရားကျောင်းတံခါး သွားဖွင့်တော့ သူ့ကို အစောင့်က တာဝန်အရ ဘုရားကျောင်းထဲ ပေးမ၀င်တာကို အပြန်အလှန် .. နားလည်မှု့ လွှဲသွားတယ်လို့ ထင်မြင်တာပဲ ..

အဲဒီကနေ စပြီး ... မင်းသားမာန် .. လို့ ပြောရမလား ..

မလုပ်သင့် .. မလုပ်ထိုက်တာတွေကို

စဉ်းစား မတွေးခေါ်နိုင် ...

သူ့ကိုယ်သူ စိတ်မထိန်းချုပ်နိုင် ...

ပေါက်ကွဲထွက်သွားတယ်လို့ ထင်မြင်မိပါတယ် ...

မသိတော့ပါဘူး။

ကိုယ်နှင့် မဆိုင်လို့ ...

ဘေးလူတစ်ယောက်အနေဖြင့် အမကတော့ သူ့ အပြုအမူကို ရီချင်တာပဲ သိတယ်။

ဖြစ်မှ ဖြစ်ရလေ ရဲတိုက်ရယ်။

Anonymous said...

လမ်းပျောက်ပြီး အိမ်ပြန်လာတဲ့ သိုးသူငယ်ကို ၀မ်းမြောက်၊ ၀မ်းသာ ကြိုဆိုနေရမှာပါ။

God Bless You All!

Anonymous said...

လမ်းပျောက်ပြီး အိမ်ပြန်လာတဲ့ သိုးသူငယ်ကို ၀မ်းမြောက်၊ ၀မ်းသာ ကြိုဆိုနေရမှာပါ။

God Bless You All!

Anthony

သီရိရတနာ said...

@ Anthony - သူ့အကြောင်းနှင့် သူ ဖြစ်လာတာပါ။

လက်ရှိ ခေတ် အခြေအနေကြောင့်လည်း ပါ .. ပါတယ်။

celebrity တွေက နေတတ်၊ ထိုင်တတ်၊ ပါးနပ်မှု့ ရှိဖို့ လိုပါတယ်။

စိတ်ထဲ ရှိသည့်အတိုင်း လိုက် - လျှောက် - လုပ်လို့ မရပါဘူး။

သာမာန်လူ တစ်ယောက်က စိတ်ဆွတိုင်း လိုက်ပြီး စိတ်လှုပ် .. စရာ မလိုပါဘူး။

ဒါပါနှင့်ဆို .. ကျွန်မ ကြားဖူးတာ ဇာတ်လမ်း ၂ ပုဒ်တောင် ရှိသွားပါပြီ ...

- မီးနေသည် စိတ်အတက်အကျ ဖြစ်နေတဲ့ အချိန် အခါမျိုးမှာ ဒေါသစိတ်ကို ဆွလွယ်သော စကားမျိုးဖြင့် သွေးတိုးစမ်းခံရသော မထက်ထက်၏ တုံပြန့်မှု့မျိုး အကျိုးဆက် နှင့်

- လူငယ်တယောက်၏ စရိုက်၊ အထာကို ယောက်ျား အချင်းချင်း မြင်တတ်ပေမယ့် ဥပေက္ခာ ထားသင့်ရင် ထားပေးရမှာကို စိတ်ဆတ်လွန်းရင် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ အကျိုးဆက်များ ဆိုပြီး

ကျွန်မအတွက် သင်ခန်းစာ ၂ ပုဒ် ရသွားပါပြီ။

ဒီဘလော့ ... ..
ကြက်ဥ အုန်းနို့ ဆီပြန်ဟင်း ပိုစ့် မှာလည်း
မြန်မာက celebrity တစ်ယောက်ကို
မြန်မာ ဖေ့ဘုတ် အသိုင်းအ၀ိုင်း မြင်ပုံ မြင်နည်းနှင့် အမြင်မတူသော အကြောင်း ရေးထားပါသေးတယ်။

Aww .. ဒီပိုစ့်တင်ပြီး မြန်မာ အသိုင်းအ၀ိုင်း၏ ပကတိ စိတ်ရင်း၊ စေတနာ အမှန် သိချင်လို့ ကွန့်မန့် ကို ဖွင့်ပေးထားပါတယ်။

( အမြဲတန်းတော့ မဟုတ်ဘူး။ လေး၊ ငါး ၊ ဆယ်ရက်လောက် ကွန့်မန့် ဖွင့်ပေးထားမယ်။ )

hide ip ဆိုရင် blogspot က အော်တိုမစ်တစ် spam comment လုပ်သွားတတ်ပါတယ်ဆိုတာကို ကြို အသိပေးထားပါရစေ ....

MK said...

သမီးလေးက ဂါဝန် အဖြူလေးနဲ. တကယ်နတ်သမီးလေးကျနေတာပါ။ တအား ချစ်ဖို.ကောင်းတယ် မရေ :)

သီရိရတနာ said...

@ MK - ကျေးဇူးနော် ...
သမီးလေး အိန်ဂျယ်ကလည်း ကျေးဇူးတင်ပါတယ်ရှင် ... လို့ ပြောပါတယ်။ :)