Tuesday, April 23, 2013

သိုးသား ကုလားပဲဟင်း၊ ပလာတာ၊ ပူစီနံ အချဉ်၊ ၀က်ခေါက်ကင်၊ ထမင်းကြော်၊ ရေခဲမုန့်၊ မှို ငပိထောင်းသုပ်၊ မှို ကန်စွန်းရွက်ကြော်

  
သိုးသားတွေကို အရင်ဆုံး ရေနှင့် သေချာဆေးပါ။ 
မိမိကြိုက်နှစ်သက်ရာ အသားတုံး လှီးဖြတ်ထားလိုက်ပါ။ 
ဇလုံတစ်ခုထဲမှာ ရှာလကာရည်ဖြင့် ၁ နာရီကြာမျှ စိမ်ထားပါ။
 ပြီးလျှင် သိုးသားတွေကို ( မပူမအေး )  ရေနွေးနွေးဖြင့် ၃ ကြိမ် လောက် ဆေးချလိုက်ပါ။

သန့်စင်ပြီး သိုးသားများကို ဆား၊ ဆနွင်းမှုန့်၊ ငရုတ်သီး အရောင်တင်မှုန့်တို့ဖြင့် နှယ်ပါ။
မီးဖိုပေါ်မှာ ဆီကို အပူပေးပီး -
သစ်ကြားပိုးခေါက်ထည့်၊ ကရဝေးရွက်ထည့် ဆီသတ်ပါ။
ငရုတ်သီးတောင့် ( ခြောက် ) ထည့် ဆီသတ်ပါ။
ပြီးမှ ကြိတ်ထား ( ထောင်းထား ) သော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းတို့ကို ထည့် ဆီသတ်ပြီး
သိုးသားများကို ထည့်မွှေပါ။
သိုးသားများနှင့် ဟင်း အနှစ်ဖတ်များ နှံစပ်နေအောင် ( အသားကျစ်သည့်အထိ ) ဆီပြန်လာသည့်အထိ ဟင်းအိုးတည်ထားပြီးမှ ရေစိမ်ထားသော ကုလားပဲများကို ထည့်ပါ။
ရေကို လိုသလောက် ဖြည့်ပါ။ 

သိုးသား ကုလားပဲရည်ဆမ်း စားမည် ဆိုလျှင် ရေခပ်များများ ထည့်ပြီး။ ဆီပြန်ရုံ ချက်မည်ဆိုလျှင် ဟင်းရည်သောက် ပန်းကန်လုံး ၂ လုံးစာ ( အသားများ မြုပ်ရုံလောက် ရေထည့်ရင် ရပါပြီ )။

ကြိုက်နှစ်သက်လျှင် မန်းကျည်းမှည့်ရည် ထည့်ချက်လို့လည်း ရသလို၊ ကရဝေးရွက် ပါပေမယ့်လည်း ပျဉ်တော်သိမ်ရွက်ကို ထည့်ချက်လို့ ရပါသေးတယ်။



သိုးသားက ဆိတ်သားထက် အရသာ ပိုကောင်းတယ်လို့ တချို့က မှတ်ချက်ပေးသလို ...
သိုးသား အရသာလည်း စားလို့ တမျိုး ကောင်းသလို .. 
ဆိတ်သား အရသာလည်း စားလို့ တမျိုးကောင်းပါတယ်။
သိုးသားကော၊ ဆိတ်သားကော မညှီအောင် ချက်စားကြည့်ပါ။ 

အဓိက က - အသား အစိမ်းကို ရှာလကာရည် သို့မဟုတ် သံပုရာရည်ဖြင့် စိမ်ပြီး ရေဆေးချပါ။

အိမ်မှာ မေမေကတော့ ဆိတ်သားကို သံပုရာသီး ၃ လုံးလောက် ကုန်ပါတယ်။ ဆိတ်သား ၄၀ သားကို ... သံပုရာသီး တစ်လုံးချင်းစီ ညစ်ထည့်ပြီး အသားတုံး အနေတော် တုံးထားသော အသားတုံးများကို လက်ဖြင့် ဆုပ်နှယ်ပြီးတာနှင့် ရေဆေးချတယ်။ သံပုရာရည်ဖြင့် ၃ ကြိမ်လောက် ရေဆေးချတာ။

 ပြီးရင် ရေစိမ်ထားတဲ့ ငရုတ်ပွတောင့်၊ ကြက်သွန်နီ အလုံးတို့ကို နွှင်ထားတဲ့ ကြက်သွန်ဖြူ၊ ဂျင်းတို့ နှင့် အတူ ငရုတ်ဆုံမှာ ထောင်းပါတယ်။

ငရုတ်ပွတောင့်ကို အညှာခြွေပြီး အရင်ထောင်း၊ ပြီးရင် ကြက်သွန်ဖြူထည့်၊ လေးစိတ်ခြမ်း ကြက်သွန်နီ နှင့် ဂျင်းထည့်ထောင်းပါတယ်။

ငရုတ်ပွဖြင့် ချက်ထားသော ဆိတ်သားဟင်းမို့ ဟင်းအရောင်လည်း လှသလို .. အစပ်လေး ပါတော့ ခံတွင်းလည်း လိုက်တယ်။

ကိုယ့်လက်ထက် ငရုတ်ပွကို ရိုးရိုးရေပဲ စိမ်စိမ်၊ ရေနွေးဖြင့်ပဲ ပြုတ်ပြုတ်၊ ရေနွေးဖြင့်ပဲ စိမ်စိမ် .. နေ့တိုင်း မလုပ်ဖြစ်တော့ပါဘူး။ ငရုတ်ပွ နေရာမှာ ငရုတ်သီး အစိမ်းမှုန့် ( Chilli Powder ) သုံးတဲ့ အခါ သုံးသလို ငရုတ်သီး အရောင်တင်မှုန့် ( Paprika Powder ) ထည့် ချက်တဲ့အခါလည်း ထည့်ချက်ပါတယ်။

ကိုယ့် အမေ လက်ထက်က မြန်မာဟင်းချက်နည်းတွေက တော်တော်လေး လက်ဝင်ပါတယ်။

ကိုယ်တို့ခေတ်ကျတော့ အမြန်ချက်ရတာ။ ဒီဟင်းဆိုရင် ချက်တာ လွန်ရော ကျွံရော နာရီဝက်၊ တစ်နာရီလောက်ပဲ ကြာပါတယ်။

ကိုယ်သေချာ ပြန်ပြောပြမယ်။

အရင်ဆုံး  သိုးသား ပေါင်သားကို အရိုးနားကနေ ကပ်ပြီး အသားတုံး လှီးဖြတ်၊ အဲဒီ အသားတုံးကနေမှ အသားတုံး သေးသေးလေးတွေ လှီးစိတ်လိုက်တယ်။
ပြီးရင် ဇလုံထဲမှာ ရှာလကာရည်နဲ့ သိုးသားတုံးတွေကို ရှာလကာရည်ထဲမှာ လက်နဲ့ ဆုပ်နှယ်ပေးပြီး မြုပ်နေအောင် စိမ်ထားလိုက်တယ်။
ပြီးတာနှင့် ကုလားပဲ ကို ရေဆေးပြီး ရေစိမ်ထားလိုက်တယ်။
ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းကို အခွံသင်ပြီး ကြိတ်စက်ဖြင့် ကြိတ်လိုက်တယ်။
အဲဒီ ကြားချိန်မှာ ထမင်းအိုးတည်တာ၊ အချဉ်အတွက် ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ပူစီနံ၊ Fridge ထဲက လိုတာလေးတွေ ထုတ်ပြီး ပါးပါးလှီးချွတ်၊ သံပုရာသီးထည့်။ သကြားနည်းနည်း၊ ဆားနည်းနည်းထည့် ...

ပြီးမှ စိမ်ထားသော ရှာလကာရည်တွေကို သွန်ချပလိုက်ပြီး။ ဘေစင်မှာ ရေပူ ဘက် ခလုတ်ကို များများဖွင့်၊ ရေအေးဘက်ကို နည်းနည်းဖွင့် ရေနွေးနွေး စပ်ပြီး သိုးသား ဇလုံထဲ ဖြည့်။ လက်ဖြင့် ဆုပ်နှယ်.. ရေတွေ သွန်ချ .. ( သုံးကြိမ် လောက် လုပ်တယ်။ )

ပြီးမှ အပေါ်မှာ ပြောထားသလိုပဲ အဲဒီ ချက်နည်း အဆင့်ဆင့်ဖြင့် ချက်တာ ...
Pressure cooker ဖြင့် မီးမြေးမြေး ( medium heat ) ၂၀ မိနစ်ပဲ ချက်ပါတယ်။ 

ပလာတာ ကြော်တာလည်း ၃ မိနစ်လောက်ပဲ ကြာတာပါ။

( ကြော်လှော် ချက်ပြုတ်တာ .. အိမ်ရှင်မတွေ ဆံပင်မှာ ဟင်းအနံ မစွဲစေဖို့ ခေါင်းစွပ် ( သို့မဟုတ် ) မျက်နှာသုတ်ပုဝါကို ခေါင်းမှာ ပတ်ထားပေါ့ ) ဒါမှ မဟုတ် ခေါင်းလျှော်ပါ။ :)

အိမ်က ကော်ဇောတွေက အမွှေးအနံပါသော ကော်ဇော သန့်စင်သော ပေါင်ဒါမှုန့်ကို တစ်နာရီလောက် ဖြူးပြီး ဖုန်စုပ်စက်ဖြင့် ဖုန်စုပ်တယ်။ အဲဒီ ပေါင်ဒါမှုန့် မရှိရင်  baking soda ကို အစားထိုးလို့လည်း ရသည်။

အမေရိကားမှာ baking soda ဘူးက တစ်ဘူးကို ၉၉ ပြားပဲ ရှိပါတယ်။ အဲဒီ ပါကင်ဘူး ဖောက်ပြီးရင် တစ်လ အတွင်း သုံးရတာပါ။ တခါတလေ ဆိုဒါမှုန့်က တစ်လ အတွင်း မကုန်ဘူး။ ဘူးဖောက်ပြီးရင် ဘူးမှာ ရက်စွဲ တပ်ရတယ်လေ။ မီးဖိုချောင်မှာ permanent marker တစ်ချောင်းထားထားတယ်။ အဖုံးဖွင့်ပြီးသား ပုလင်းတွေကို ရက်စွဲတပ်ဖို့။ တလအတွင်းမကုန်သော ၉၉ ပြားတန် ဆိုဒါမှုန့် တွေ ကို ကော်ဇောပေါ်မှာ ဖြူးချ .. တနာရီလောက် ဖြစ်ဖြစ် နာရီဝက်လောက် ထားပြီးမှ ဖုန်စုပ်ချလိုက်ရင် ဟင်းချက်လိုက်လို့ ဟင်းအနံစွဲနေသော ကော်ဇော မဆလာ အနံလေး ပျောက်သွားပါတော့တယ်။ 

ရန်ကုန်အိမ်မှာတုန်းက ဧည့်ခန်းကို ကော်ဇော အပြည့်ခင်းထားတယ်။ အဲဒါကြောင့်မို့ ကော်ဇောကို သန့်ရှင်းတဲ့နေရာမှာတော့ ကိုယ် တော်တော်ကျွမ်းနေတာ ...

ရုံးမှာတုန်းကလည်း အဲယားကွန်းအခန်း၊ ကော်ဇော အပြည့်ခင်းထားတဲ့ ၁၅ပေ ပတ်လည် အခန်းဆိုရင် ရုံးခန်းထဲမှာ ထမင်းစားရင်  အနံ အရမ်းစွဲတာ။  ၂၅ ပေ ပတ်လည် အခန်းက တော်သေးတယ်။ 

ဒါကြောင့် ကော်ဇော သန့်စင်တဲ့ ပေါင်ဒါမှုန့်တို့ ကော်ဇော အရောင်စွန်းရင် ချွတ်တဲ့ ဆေး၊ ကော်ဇောပေါ် အရည်ကျရင် သန့်စင်ပြီး အမြန်ခြောက်တဲ့ ဘူးတွေ ရန်ကုန်က စီးတီးမတ်တို့ ရှော့ပင်းမောလ်တို့မှာ ၀ယ်ပြီး သုံးဖူးပါတယ်။

" သြော် ..  Pressure cooker ကို ဟင်းပဲ ချက်လို့ရမယ်ထင်တာ .. အခုမှပဲ ဗုံးပါ ခွဲလို့ရမှန်း သိတော့တယ်။ "


သိုးသား ကုလားပဲဟင်း




သခွါးသီး အသေး၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ ဂေါ်ဖီ၊ ပူစီနံ၊ ခရမ်းချဉ်သီး၊ သံပုရာသီး၊ သကြားနည်းနည်း၊ ဆားနည်းနည်း ကြက်သွန်နီ ပါးပါးလှီးထည့်လို့လည်း ရသည်။




သရက်သီးသနပ်နှင့် တွဲစားလို့လည်း ရသည်။








ပြည် ပလာတာသုပ်လိုမျိုး စားချင်ရင် သိုးသား ( ကြက်သား၊ ဆိတ်သား ) ကုလားပဲဟင်းရည် ချက်ပါ။ ကုလားပဲကို ချေပြီး ကုလားပဲ အနှစ်ဟင်းရည် ချက်ပါ။  ပလာတာကို ဖွပြီး နွှင်ထားသော ပလာတာ အမျှင် နှင့် အတူ ဘေးနားက အချဉ် ပန်းကန်ထဲက အချဉ်တွေ ထည့်၊ ပဲရည်ဆမ်းပြီး သုပ်စားရင် ပြည်ပလာတာသုပ်လိုမျိုးပါပဲ .. အချဉ် အနေဖြင့် ကြိုက်တတ်လျှင် သံပုရာရည် အစား မန်းကျည်းမှည့်ရည် ထည့်သုပ်စားလို့လည်း ရပါသည်။

ပြည်ပလာတာသုပ် နှင့် လိုက်ဖက်တာက လက်ဖက်ရည် - ကျစိမ့်ပါ ...

လက်ဘက်ခြောက် ( အချိုခြောက် ) ( ရေနွေးကြမ်း လက်ဖက်ခြောက် အခါးခြောက် မဟုတ်ပါဘူး ) ကို အ၀တ်ပါးထဲ ထည့်ပြီး ထုတ်ပါ။

 လက်ဖက်ခြောက် အချို ထုပ်ကို ရေနွေးအိုးထဲ ထည့်စိမ်ပါ။

ပိတ်ရေစစ်ဖြင့်လည်း ရေနွေးအိုး အပေါက်ဝမှာ ထားပြီး လက်ဖက်ခြောက် နှပ်လို့ ရပါသည်။

ရေနွေးပွက်ပွက်ဆူထဲမှာ ထည့်ပြီး လက်ဖက်ခြောက် အချို နှပ်ပါ။
ပထမ တစ်ရေ ကို သပ်သပ်ထားပါ။
နောက်ထပ် ရေနွေးအိုး ထဲသို့ ပထမ နှပ်ပြီးသား လက်ဖက်ခြောက် ( အချို ) ရေစစ်ကို ခပ်ကြာကြာလေး စိမ် နှပ်ထားပါ။

အဲလို နှပ်ထားတဲ့ အခါးရည်ကို သကြား၊ နို့စိမ်း၊ နို့ဆီဖြင့် ခပ်ကျကျလေး၊ ခပ်စိမ့်စိမ့်လေး ဖျော်ပါ။

လက်ဖက်ရည် ခပ်ကျကျ လိုချင်ရင် ပထမ တစ်ရေက အခါးရည်ကို ထပ်ထည့် ..
ချို ချိုလေးဆို သကြားထည့်၊ နို့ဆီထည့် ..
အစိမ့် အရသာဆိုရင် နို့စိမ်းများများထည့် .. လက်ဖက်ရည်ကို ဖျော်ပြီးရင် နို့စိမ်းများများထည့် ..

လက်ဖက်ရည်ကို ခွက် .. ၂ ခွက် ဖြင့် တခွက်ထဲမှ အရည်ကို နောက်တခွက်ထဲ ထည့်ပြီး ဆွဲ ဖျော်သွားရင် ပိုပြီး သောက်လို့ကောင်းတယ်။ ဇွန်းဖြင့် မွှေဖျော်တာထက် ပိုကောင်းတယ်။


Facebook style - eating dinner


ကော်ဖီပူပူလေး နှင့် တွဲဖက်စားလို့လည်း ရသည်။






ဝက်ခေါက်ကင် 
( ၀က်ခေါက်ကင် ချက်နည်း ပိုစ့် ရေးပြီးပါပြီ ) 
ဘလော့ - side bar -  Search ဆိုတဲ့ နေရာမှာ ၀က်ခေါက်ကင် လို့ ရေးပြီး ရှာကြည့်လိုက်ပါ။






ဝက်ခေါက်ကင် နှင့် ထမင်းကြော်







- eating ice cream 







ကော်ရည်ခေါက်ဆွဲ ချက်တုန်းက ကျန်နေသေးသော မှို၊ ပဲပင်ပေါက် ကို ငပိထောင်း နှင့် အတူ ကြက်သွန်နီ ပါးပါးလှီးပြီး သုပ်ထားသော မှို ငပိထောင်းသုပ်



ရေနွေးဖျော ပဲပင်ပေါက်၊ မှိုပြုတ်၊ ငပိထောင်း၊ ပါးပါးလှီးထားသော ကြက်သွန်နီ၊ သံပုရာသီး



ငပိထောင်းက ထမင်းနှင့် နှယ်စားတာ မဟုတ်ဘဲ မှို ဖြင့် ခပ်ပါးပါးနှယ်စားတာ ဆိုတော့  ( တော်တော်စပ်တယ်။ ) 




မှို ကန်စွန်းရွက်ကြော်



0 comments :