Saturday, January 5, 2013

အမဲသားမုန်ညင်းချဉ်ကြော်


အမဲသားမုန်ညင်းချဉ်ကြော်


 မြေပဲကြော်


ငရုတ်သီးကြော်


အမဲသားမုန်ညင်းချဉ်ကြော်၊ မြေပဲကြော်၊ အသားတုကြော်


အမဲသားကို အချဉ်အရသာရှိတဲ့ အရွက် တခုနှင့် ရောကြော်ထားပါတယ်။
မုန်ညင်းချဉ် နေရာမှာ ချဉ်သော အရသာရှိသော ချဉ်ပေါင်ရွက်၊ ဖယ်ဖယ်ရွက်တို့နှင့်လည်း ရောကြော်စားလို့ရပါတယ်။
( ရန်ကုန် စီးတီးမတ် မှာ ဖယ်ဖယ်ရွက်ကို ၀ယ်လို့ရသလို ဈေးတွေမှာလည်း ၀ယ်လို့ရနိုင်ပါတယ် )


မုန်ညင်းချဉ် ( Sour Mustard )


နောက်ကျောဘက်


အရင်ဦးဆုံး - ဆီ 1/2 ခွက် ကို အပူပေးပီး - မီးမြေးမြေးဖြင့် ငရုတ်သီးခြောက် အတောင့်တွေကို ကြော်ပါ။
ကြွပ်ပီဆိုရင် ဆယ်ထားလိုက်ပီး။
မြေပဲ အဆန်များကို မီးမြေးမြေးဖြင့် ကြော်နေရာကနေ Low Heat အထိ မီးကို လျှော့ချပီး မြေပဲ အဆန်များ ကြွပ်လာတဲ့ အထိ မီး အားနည်းနည်းဖြင့် မွှေ .. မွှေ ပေးပီး ကြော်သွားပါ။
မြေပဲဆန် ကြွပ်ကြွပ် အနေအထားရောက်ပီဆိုရင် ဆယ်ထားလိုက်ပါ။


ငရုတ်သီးခြောက် အတောင့်


ဈေးနှုန်း ( Asian Grocery ) မှာ ၀ယ်လို့ရနိုင်ပါတယ်။

 



အမဲသားကို ပါးပါး၊ ရှည်ရှည် အမြှောင်လိုက်လှီးပါ။
ဆား၊ ဟင်းခတ်မှုန့် နှယ်ပီး နာရီဝက်လောက် နှပ်ထားပါ။
ခုဏက ကြော်ထားသော ငရုတ်သီးတောင့်ကြော် အနံ - အရသာပါနေသော ဆီ
မြေပဲကြော် အနံ - အရသာပါနေသော ဆီ ပူထဲမှာ - ဓါးပြားရိုက် ကြက်သွန်ဖြူ၊ ဂျင်း ထည့် ဆီသတ်ကြော်ပါ။

နှပ်ထားသော အမဲသားများ ထည့်မွှေကြော်ပါ။
ကြော်သည့်ဆီဖြင့် အမဲသားများကို မွှေကြော်ပီး မီးဖိုပေါ်မှာ တအောင့်လောက် ထားပါ။
အမဲအသားထဲက အနီရောင် စို့လေးတွေ တက်လာပါလိမ့်မယ်။ ( အမဲ အသွေး တွေ ပါ )
အဲဒီ အခါ ထပ်ပီး အသားကျစ်လာတဲ့ အထိ မွှေကြော်ပေးလိုက်ပါ။

တအောင့်လောက် မီးဖိုပေါ်မှာ ခဏထားလိုက် .. မွှေကြော်ပေးလိုက်ရင်း -
အမဲသား - ထဲက ထွက်လာတဲ့ အသား - အရည်နှင့်ပဲ မွှေကြော်ပီး နောက်ပိုင်း -
ပဲငံပြာရည် အပြစ်ကို ထည့်ပါ။

( ဒီနေရာမှာ ပဲငံပြာရည် အပြစ် ကို အမဲသား စ မချက်ခင်မှာ ထည့်တာ မဟုတ်ပဲ ... အမဲသား ဆီသတ် မွှေကြော်ပီး - အသားတုံးများ ကျစ်လာတဲ့ အချိန်မှ ထည့်ရတယ်ဆိုတာကို သေချာ မြင်နေအောင် ရှင်းပြထားတာပါ )

ပဲငံပြာရည် နှင့် မွှေကြော်ပီးမှ အမဲသားကို ရေ အနေတော်ထည့် ...
အဖုံးအုပ် .. မီးမြေးမြေးဖြင့် ချက်ပါ။

အမဲသားက ပါးပါးလှီးထားတာ တကြောင်း -
ခုဏက အမဲသား -  အသားထဲက ထွက်လာတဲ့ အရည်နှင့်ပဲ ကြော်ချက်ထားတာ တကြောင်းမို့
တရေ - ၂ရေ လောက် ချက်ရုံနှင့် အမဲသားက နူးနေပါပီ။

အမဲသား ရေ ခမ်းခါနီးမှာ ပါးပါးလှီးထားသော မုန်ညင်းချဉ် များထည့်မွှေကြော်ပါ။
တဆက်တည်း ငရုတ်သီးတောင့်ကြော်ကို ထက်ပိုင်းချိုးထည့်ပီး မွှေ ကြော်ပါ။

အားလုံး အရသာဝင်သွားအောင် .. အဖုံးကို အုပ်ပီး မီးကို Low Heat ဖြင့် ဆီကျန် ရေခမ်းတဲ့ အထိ ချက်သွားပါ။

အမဲသား အရသာနှင့် အတူ အချဉ်၊ အစပ် အရသာ ပါသော အမဲသား မုန်ညင်းချဉ်စပ်ကြော်


မြေပဲဆန်ကြော် နှင့် တွဲဖက် စားရင် လိုက်ဖက်သလို -


အသားတုကြော်နှင့်ပါ တွဲဖက်စားလို့ ကောင်းပါတယ်။


ရန်ကုန်အပြန် လက်ဆောင်ရထားသော အသားတုကြော်


ကျိုင်းတုံ တံဆိပ် ( စားလို့ကောင်းတယ် )

0 comments :