Saturday, January 26, 2013

ငရုတ်သီးစိမ်း ငပိကြော်



ငပိကြော်၊ ငပိချက်တွေကတော့ အများကြီးပါပဲ။

မန်ကျည်းသီးစိမ်း ငပိချက်၊
မရမ်းသီး ငပိချက်၊
ခရမ်းသီး ငပိချက်၊
ခရမ်းချဉ်သီး ငပိချက်၊
ဒန်သလွန်သီး ငပိချက် အမျိုးမျိုး ပါပဲ။

ငါးပိလိမာချက် 

ငပိကြော်
ဂွေးသီး ငပိကြော်
တညင်းသီး ငပိကြော်
မရမ်းသီး ငပိကြော်
ပန်းသီး အစိမ်း ငပိကြော်
မန်းကျည်းသီးထောင်း ငပိကြော်
မန်းကျည်းသီးမှည့် အနှစ် ငပိကြော်
သံပုရာသီး ငပိကြော်
ရှောက်သီး ငပိကြော်

(ေ၇ှာက်သီးသုပ်ရင် ရှောက်သီးဖတ်တွေ နွှင်သလိုမျိုး .. အဲဒီ ရှောက်သီးဖတ်တွေကို ငပိကြော်ထဲ ထည့်ပီး ရောကြော်ထားသော ငပိကြော်လိုမျိုး ...

ကိုယ့်က ငပိကြော်ကို အခွံပါး သံပုရာသီး အစိမ်း .. ကို ပါးပါး သေးသေးလေးလှီး စိတ်ပီး ငပိကြော် နှင့် နှယ်ထားသော ထမင်းထဲမှာ မြုပ်ပီး စားတတ်ပါတယ် .. သံပုရာအခွံပါ တခါတည်း ၀ါးစားတတ်တာလေ ) 

( ချဉ်တဲ့ အသီး  မှန်သမျှ ... ငံသော အရသာ ရှိသော ငပိကြော်နှင့် ရော ကြော်စားတတ်ကြပါတယ်။ )

ချက်ပုံချက်နည်း သဘောတရားကတော့ အတူတူကြီးပါပဲ။ အဓိက ကတော့ ခံတွင်းလိုက်တဲ့ ချဉ်၊ ငံ၊ စပ် အရသာမျိုး။

အခု ငပိကြော်က ငရုတ်သီးစိမ်း ငပိကြော်၊ အစပ်ကြိုက်ရင် ငရုတ်သီးစိမ်း များများ ထောင်း ထည့်ပါ။ အိမ်မှာကတော့ အစပ်ကို စားတယ်။ တရားလွန်ကြီးတော့ မစားနိုင်လို့ ပုဇွန်ခြောက်မှုန့် နိုင်နိုင် နဲ့ ချက်ထားတဲ့ ငရုတ်သီးစိမ်း ငပိကြော်

ဒယ်အိုးထဲ ဆီ ထည့်ပီးတဲ့ အခါမှာ ကော်ဖီသောက် ပန်းကန်ပြားဝိုင်းလေးတွေ နဲ့ ကြိုတင် ပြင်ဆင် ထောင်းထု ထားသော  ~~~~

ကြက်သွန်ဖြူ၊ ကြက်သွန်နီ ထောင်းထားတာကို ထည့်ပါ။
ဆနွင်းမှုန့် နည်းနည်းထည့် ဆီသတ်ကြော်ပါ။
ကြက်သွန်များ ကျက်လောက်ပီ ဆိုရင်
လတ်ဆတ်သော ပုဇွန်ခြောက်မှုန့်ကို ထည့်ပါ။
ငရုတ်သီးစိမ်းထောင်းထားတာများကို ထည့်ပါ။
လက်ဘက်ရည် ပန်းကန်ခွက် တလုံးစာ ရေ နဲ့ ကွမ်းသီးလုံး တလုံးစာ စိမ်းစားငပိ ကို ဖျော်ပီး အနယ်များ စစ်ထားတဲ့ စိမ်းစားငပိရည်ကို ထည့်ပါ။
ဆား သို့မဟုတ် အချိုမှုန့်ကို ဖြူးပေးပါ။
ငပိ အနံ မွေးပီး အဆာ ပလာစာများ မကျွတ်လွန်း၊ မစိုလွန်းတဲ့ အနေအထားမျိုးကို ရပီဆိုလျှင် ဒယ်အိုးကို ချလိုက်ပါ။

အချဉ်ကြိုက်လျှင် မန်ကျည်းသီးမှည့်ကို အရည်ဖျော်ထားပီး ထည့်ချက်နိုင်ပါသေးတယ်။

အိမ်မှာက အခုလောလောဆယ် ငပိကြော် အရသာကို စားချင်တာ။ ငပိ ရဲ့ အရသာကို ထိန်းထားပေးမယ့် ခပ်စပ်စပ်လေး၊ ထမင်းနဲ့ နှယ်စားတဲ့အခါမှာ လျှာဂျွန်းပျံသွားအောင် စားချင်လို့ ငရုတ်သီးစိမ်း ငပိကြော် ကို ချက်စားတာပါ။


တို့စရာကတော့ ကတက်စာ။


ထမင်းဖြူဖြူ ပူပူလေးမှာ ငရုတ်သီးစိမ်း ငပိကြော် နဲ့ နှယ်ပီး၊ တို့စရာ ကတက်စာလေးနဲ့ မြုပ်ပီး စားလို့ ပဲ ဖြစ်ဖြစ်၊ ချဉ်ပေါင် နဲ့ မျှစ် ကို မြုပ်ပီး စားလို့ ပဲ ဖြစ်ဖြစ် ရှုးရှုးရှဲရှဲ နဲ့ ချဉ် ငံ စပ် အရသာမျိုးမို့ ထမင်းမြိန်စေတဲ့ မြန်မာဟင်းလျာများဖြစ်ပါတယ်။


6 comments :

Anonymous said...

Yummy!
Iora

သီရိရတနာ said...

@Iora - Long time no see, Iora.
ကိုယ် ဟိုတလောကတောင် မင်းကို သတိရနေသေးတယ်။
ခရင်မ်ချိစ့် စားနေရင်းနဲ့လေ .. ပိုစ့်တွေ မရေးတာ သုံးလလောက် ရှိပီနော်။

ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ အရမ်းကို အသက်ဝင်ပီး စားချင်စဖွယ် ဖြစ်နေလို့ သတိထားမိနေတယ် Iora blog ကို ... connecticut မှာ သစ်တောက်ဌက် မြင်ရင်လည်း သတိရတယ်။ သူ့ဆို ဓာတ်ပုံ ဆွဲရိုက်မှာပဲလို့ ...

မအားလပ်တဲ့ကြားက အချိန်ပေးပီး ကွန့်မန့်ရေးပေးတာ ကျေးဇူးနော် :)

Anonymous said...

ဒီမှာ ဒီမှာ… ဘယ်အညှိုးနဲ့များ ဒီဘက်မှာ ငရုတ်သီးငပိကြော်၊ ဟိုဘက်မှာ သင်္ဘောသီးထောင်းနဲ့ နှိပ်စက်ချက်။ ကတက်ချဉ်တောင်ပါလိုက်သေးတယ်။ စိတ်နာတယ်။ ဂယ်ပဲ။ သူများတွေများ ကုသိုလ်ကောင်းချက်။ အစ်မတို့ဆီမှာ အကုန်အစုံရတယ်နော်။ အားကျတယ်။
PN

သီရိရတနာ said...

@PN - ဟီး ဟီး ...

အဲဒါ ရန်ကုန်မှာ နေတုန်းက ချက်စားခဲ့တဲ့ဟင်းပါ ...

ကတက်ချဉ်က ရန်ကုန် လမ်းမတော်လမ်းထိပ် ...

၁၇လမ်းဈေး ဒီဘက်နား လမ်းထိပ်မှာ ၀ယ်တာလေ ..

အမေ၇ိကားမှာ စားချင်ရင်တော့ ပဲပင်ပေါက်၊ မုန်လာဥ ပိုးတီချဉ်၊ ကန်စွန်းရွက် ချဉ်ဖတ်၊ ဂေါ်ဖီပန်းပွင့် ( ကိုယ့်ဘာသာကိုယ် အိမ်မှာ ထမင်းရည်ဖြင့် အချဉ်ဖောက်ကြတာပါ ) သရက်ချဉ် - ဆားဖြင့်သိပ်ပီး ချဉ်တာ .. အမျိုးမျိုး ရှိပါသေးတယ်။

ကိုယ် စားတော့ စားတယ်။ အရမ်း မစားရဲဘူး။ အဲဒါတွေက မလတ်ဆတ်တော့ အခန့်မသင့်ရင် အသည်းရောဂါ ရပါတယ်။

အမေရိကား ဈေးဆိုင်တွေမှာတော့ သခွါးသီး အချဉ်တည်၊ ( အမျိုးမျိုး ၇ှိပါတယ် ။ သူတို့က ပုလင်းလေးတွေနဲ့ ရောင်းတယ်။ ပေါင်မုန့်တွေနဲ့ တွဲစားတာ )

ဗမာလူမျိုး - ရန်ကုန် နှင့် မြန်မာ - တိုင်းရင်းသားမျိုးစုံ ... လိုမျိုး ... အချဉ်တည်၊ ထားတာလောက် စားလို့ မကောင်းဘူး။

သူ့ရိုးရာ သူ့အစာပေါ့နော် ...

ပန်းကန် ကြည့်လိုက်ရင် အဲဒီ အဖြူရောင် မိုက်ခရိုဝေ့ထဲ ထည့်လို့ရတဲ့ ပန်းကန်ဆိုရင် မြန်မာမှာ ၀ယ်စားတဲ့ အစားအသောက်နှင့် ချက်စားတဲ့ အစားအသောက်တွေပါ ...

အိမ်လာလည်တာ ကျေးဇူးနော် PN :)

စကားမစပ် - ဒီမှာ ၀ယ်လို့ရတဲ့ တညင်းသီး ပုလင်းတွေက ထိုင်းနိုင်ငံ မြန်မာ နယ်စပ်နားမှာ မြန်မာတွေ လုပ်တာလို့ ပြောတယ်။ ဒီမှာ အဲလိုမျိုး ပုလင်းတွေကို ထိုင်းမှာ လုပ်သည်လို့ ရေးထားတယ်။

အရင်တုန်းက မြန်မာကို စီးပွားရေး ပိတ်ဆို့တုန်းကပေါ့ .. ကတက်ချဉ်ကိုလည်း ပုလင်းနဲ့ သေချာ သွပ်ပီး နောက်ဆို ဒီမှာ ၀ယ်လို့ရတော့မယ်နဲ့တူတယ်။

ဒီမှာ ပုစွန်ချဉ်တို့ ဘာတို့က ဒီက မြန်မာလူမျိုးတွေ အိမ်မှာ လုပ်ပီး အချင်းချင်း ရောင်းတယ်။ စားချင်ရင် သူတို့ကို လှမ်းပီး အော်ဒါမှာရုံပါပဲ။ ကိုယ်တော့ ၀ယ်မစားဘူးသေးဘူး။ ကယ်လီဖိုးနီးယားဘက်မှာ ရပါတယ်။

မြန်မာ နာမည်ဆို ဗမာလူမျိုးအပါ တိုင်းရင်းသားပေါင်းစုံပါတဲ့ နိုင်ငံ နာမည် ..
ဗမာဆိုရင် ဗမာလူမျိုးတစ်မျိုး နာမည် ...

( ဘာမှ မဟုတ်ဘူး။ တခါတလေ ကိုယ် က ကိုယ်စားပြု ရေးချင်ရင် ဘယ်နာမည်သုံးရမလဲး စဉ်းစားနေရလို့ ..

မြန်မာဆိုတာ သုံးလိုက်တာ အဲဒီ ထဲမှာ ကိုယ့်ကြိုက်တဲ့ တိုင်းရင်းသား အစားအသောက် ကရင် နှင့် ရှမ်း အစားအစာများ ပါ ပါတယ်။ )

တော်ပီ .. စကား သိပ်မများတော့ဘူး။ သောကြာသမီး သိပ်ပီသလွန်းရင် မကောင်းဘူး။ ဟား ... ဟား

မေမြို့မိုး said...

နှုတ်ခမ်းတွေကွဲနေတယ်..
ပုံကြည့်တာတောင် စပ်ချင်ချင်နဲ့...
သောကြာသားလည်း တိတ်တိတ်လေးပဲ ပြန်တွားတယ်:)

သီရိရတနာ said...

@ PN - ချဉ်ဖတ်တွေ အချဉ်ဖောက်တာ ထမင်းရည် မဟုတ်ဘူးနော် .. ဆန်ဆေးရည်ပါ ... ( ဟီး ဟီး ) အခုမှ ကိုယ်ရေးထားတဲ့ ကွန့်မန့် ပြန်ဖတ်ကြည့်မိလို့ ...

@ မေမြို့မိုး - နှုတ်ခမ်းကွဲနေရင် chap stick လိမ်းပါ .. အန်တီတို့တော့ အဲဒါကို အမြဲဆောင်ထားတယ်။ နှုတ်ခမ်းခြောက်တတ်လို့ ...
ရာသီဥတုအေးတာလည်း ပါမှာပါ ...

ငရုတ်သီးက အနည်းငယ် စားပေးရတယ်။ ဒါမှ ၀မ်းမှန်တာ ... အဲဒီ ငရုတ်သီးစိမ်း ငပိကြော်က စပ်တော့ စပ်တယ်။ ပုစွန်ခြောက်နိုင်ချင်းမို့ တော်သေးတယ်။ ငပိ အနံကို ငရုတ်သီးစိမ်း အနံသင်းသင်းလေးမို့ တမျိုး စားလို့ ပိုကောင်းပါတယ်။

အပေါ်ကနေ ကြွပ်နေအောင် ကြော်ထားသော ကြက်သွန်ဖြူကြော် နှင့် ကြက်သွန်နီကြော် ဖြူးလိုက်ရင် ရှယ်ပဲ ...

သောကြာသားသမီးချင်း တူလို့ Cheer!