Friday, December 28, 2012

အမဲသားထောပတ်ကြော်

အမဲသားထောပတ်ကြော်

အမဲသားထောပတ်ကြော်ကို ထမင်းနှင့် နှယ်စားလို့ကောင်းအောင် ဂီးလ်ထောပတ်နှင့် ကြော်ထားသော ကြက်သွန်ကြော်ပါ ထပ်ထည့်ကြော်ထားပါတယ်။


မဆလာ အစာပလာများနှင့် ကြော်ထားသော အမဲသား ထောပတ်ကြော်


အမဲသားက အဆီပါတဲ့ အမဲသားကို ကြော်ထားပါတယ်။

အမဲသား ဈေးနှုန်း

အရင်ဆုံး အဆီပါတဲ့ အမဲသားတုံးကိုရေသေချာဆေးပီး ... သန့်ရှင်းတဲ့ စဉ့်နီတုံးပေါ်မှာ အနေတော် အသားတုံးများတုံးပါ။
ဆနွင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့် တို့နှင့် နှယ်ပီး နာရီဝက်လောက် နှပ်ထားပေးပါ။

( အသားကို ဟင်းခတ်မှုန့်နှင့် နှယ်ပီး နှပ်ထားတယ်ဆိုတာက အသားထဲကို အရသာဝင်အောင် နှပ်ထားခြင်းဖြစ်ပါတယ် ။ အရသာ ဟင်းခတ်မှုန့်၊ ဆားများနှင့် မနှယ် - မနှပ်ပဲ ချက်တဲ့ဟင်းများဟာ မြန်မာ ပါးစပ်နှင့် ဆိုရင် ၀ါးစားလိုက်တဲ့ အခါမျိုးမှာ အရသာ ပေါ့ရွတ်ရွတ်ကြီးပါ။ ဆားထည့်ချက်တယ်ဆိုပေမယ့်လည်း အသားထဲကို အရသာ မ၀င်ပဲ အသား အပြင်မှာပဲ အရသာရောက်နေတတ်တာမို့ စားလိုက်တဲ့အခါမှာ အရမ်း သိသာပါတယ်။ )

ရေခဲသေတာထဲမှာ တညလောက် နှပ်လည်း ရသလို .. အပြင်မှာ နာရီဝက်၊ တနာရီလောက် နှပ်ထားလည်း ရပါတယ်။

ချက်တဲ့ အခါမှာ ... အိုးထဲကို အရင်ဆုံး ထောပတ် ၄ အောင်စ ( သို့မဟုတ် ) ဂီးလ်ထောပတ် 1/2 cup ( သို့မဟုတ် ) ၄အောင်စ ထောပတ် တတုံးကို မီးမြေးမြေးနှင့် အရည်ပျော်သွားအောင် အပူပေးပါ။

ထောပတ် အရည်ပျော်ပီဆိုတာနဲ့ သစ်ကြားပိုးခေါက် နှင့် ကရဝေးရွက်ကို ထည့် ဆီသတ်၊ 
ပီးရင် ငရုတ်ကောင်းစေ့၊ ဖာလာစေ့များထည့် ဆီသတ်ပီးမှ
ကြက်သွန်ဖြူ၊ ဂျင်း ဓါးပြားရိုက်ထည့် ( ဓါးပြားရိုက်တာက အနှစ်အနေနဲ့ မယူချင်ပဲ အရသာ အနေနှင့် ယူချင်တာမို့ ကြက်သွန်ဖြူ နှင့် ဂျင်းကို ဓါးပြားရိုက် ထည့်ချက်ထားတာပါ )
နှပ်ထားတဲ့ အမဲသား ထည့်မွှေ ..
ထောပတ်ဆီ နှင့် အမွှေးအကြိုင်များကို ဆီသတ် ချက်ပီးမှ အမဲသား ထည့်မွှေတာမို့ အမဲသားက ပိုစားကောင်းပါတယ်။

အမဲသားကို အသားကျစ်တဲ့ အထိ အသား အရောင်ပြောင်းတဲ့ အထိ မွှေပီးမှ ခဏလောက် မီးဖိုပေါ် အဖုံးဖွင့် ချက်ထားပါ။

ဆီဆူသံ ကြားပီဆိုမှ ရေကို အနည်းငယ် .. အသားတုံး မမြုပ်ရုံလေးထည့်။ အဖုံးအုပ်ပီး အသားကောင်းရင် ( နူးညံတဲ့ အသားဆိုရင် ) ၂ ရေ လောက် .. ပုံမှန်ဆို ၃ရေ လောက် ချက်ရုံနှင့် အမဲသားထောပတ်ကြော် ရပါပီ။

ဆီပြန်နေပီး အမဲသားကြွပ်တဲ့ အထိ ကြော်တာ ကြိုက်ရင် ကြွပ်အောင်ကြော်ပါ။ အခုက ပုံမှန်ကြော်ပါပဲ။

နောက်တနေ့ မနက်ကျမှ ထပ်ကြော်ပီး ပဲပြုပ်ထမင်းကြော်နှင့်ဆို အရမ်းလိုက်ဖက်ပါတယ်။

ပိုစားကောင်းတာက အမဲသားတုံးက အဆီပါနေတဲ့ အတွက်ကြောင့်ပါ။

3 comments :

စံပယ်ချို said...

အမဲသားကိုထောပတ်နဲ့ကြော်တာ မစားဖူးသေးလို့ အားတဲ့အချိန်စမ်းပြီးကြော်စားကြည့်အုန်းမယ်
ပုံလေးကိုမြင်လိုက်ရတာနဲ့စားချင်နေပြီ

မိုးငွေ့........ said...

i like beef very much. will try to cook it. thks for the receipt sis..

သီရိရတနာ said...

@ စံပယ်ချို ...

အစ ပထမ ဘလော့ဂါ အသစ် မှတ်လို့ .. အဲဒီ နာမည် မကြားဖူးပါဘူးဆိုပီး ....
ဘလော့ သွားကြည့်မှပဲ .. Jasmine Cho က နေ မြန်မာဆန်ဆန် စံပယ်ချို ပြောင်းထားတာကိုး .. အဲဒီ နာမည်လေး လှတယ်။
မှတ်မိပါတယ်။ မနှစ်က အကယ်ဒမီပေးပွဲ နေ့တုန်းကတောင် အမကြီး ဘလော့က ပုစွန် ငါးခြောက် ဆီပြန်ဟင်းမှာ ကွန့်မန့်လေး လာရေးပေးသွားတာကို ..

တိုက်တိုက်ဆိုင်ဆိုင်နော် .. ဒီနေ့ညလည်း အကယ်ဒမီပေးပွဲ ည ပဲ သိလား။

ဒါပေမယ့် အမကြီးတို့ဆီမှာ ည မိုးချုပ် အိပ်ချိန် မနက် ၃ နာရီခွဲ ထ ကြည့်ရမှာ .. ကြည့်နိုင်ပါ့မလား မသိ ....

အော် .. ကွန့်မန့် စာပြန်တာ ... နောက်ကျတာ ဆောရီးပါနော် .. ဒီနေ့ အမကြီးတို့ဆီမှာ .. စနိုးမုန်တိုင်း ကျနေလို့လေ .. လမ်းတွေလည်း ice slip ဖြစ်တယ်။ စနိုးရှင်းတဲ့ ကားတွေတော့ ရှိပေမယ့် တချို့နေရာတွေက စနိုး .. မရှင်းဘူး။ အခု ည ၇ နာရီတောင်မှ အိမ်က ၀ါရန်တာ လက်တန်းမှာ စနိုးထုက ၆ လက်မလောက် ရှိတယ်။ နေ့လယ် ၁ နာရီကတည်းက စနိုးကျနေတာ .. ဒီည တညလုံးပဲ .. မနက်ကျရင် စနိုးထု ဘယ်လောက်ထိ မြင့်တက်နေမလဲး မသိဘူး ...

@ မိုးငွေ့ ....

မိုးငွေ့ နှင့် စံပယ်ချို ရေ ... အမဲသားကလေ .. ထောပတ်နဲ့ အဲလိုမျိုးလေ ကြော်စားတာ စားလို့ ကောင်းပါတယ်။ အမဲသားက အဆီပါနေတော့ ပိုပီးတော့လည်း စားကောင်းတယ်။ ၀ိတ်တော့ တက်တာပေါ့ .. ကျန်းမာရေးအတွက်တော့ မကောင်းဘူး။ ဟဲ .. ဟဲ

အဲဒီ ပိုစ့်က ရေးဖူးတဲ့ ချက်နည်းပိုစ့်တွေထဲမှာ ... အမှတ်တရပါပဲ ... ဘာလို့လဲး ဆို နိုင်ငံခြားမှာ ကျောင်းတက်နေသော ၂၀ ပတ်ဝန်းကျင် အသိ သူငယ်ချင်း .. ခင်နေတာတော့ တော်တော်ကြာပါပြီ .. အဲဒီ တစ်ယောက်က အမဲသားကို ကြော်တာ ... အမဲသား အသား မကျစ်ခင် ... ထောပတ်ဆီ နဲ့ လှိမ့်ပီး ခဏလေး ကြော်ရုံ ရှိသေးတယ်။ ရေ ထည့်ပီး ချက်တာလေ .. ရေခမ်းအောင်လည်း မကြော်ထားဘူးလေ ... စားမကောင်းဘူး .. လာပီး ပြောနေလို့ ..
ဘယ်လို အမဲသားကြော်တာလည်း ပြန်မေးမှ .. သူ့က အဲလိုမျိုးကြော်တာတဲ့ .. ရီလည်း ရီရတယ်။ အစားသောက် ပျက်တာလည်း သနားပါတယ်။ မီးဖိုချောင် မ၀င်တဲ့ ခြေမွေးမီးမလောင် ကလေးကိုး ချက်တာ ဘယ် ... အဆင်ပြေပါ့မလဲး ...
ဘာမှ မခက်ကြောင်း .. အရမ်းပဲ လွယ်ကြောင်း ... အမဲသား ၀ယ်ရင် .. ဘယ်အသားက ဘယ်အရသာ ထွက်ကြောင်း .. ဆီ နဲ့ အမဲသားကြော်ရင် အမဲသားထဲက အမဲသွေးတွေ စို့စို့လေးနဲ့ တခါတလေ ထွက်လာတတ်တယ်။ အဲဒါ အမဲသားကို ဆီထဲမှာ လိမ့်ပီး ကြော် ... အမဲသား .. အသားကျစ်လာမှ ရေထည့်လို့ .. အသားက ဘယ်လို ကျစ်တာလည်း ပြန်မေးနေလို့ ..
အမဲသား အသားတုံး ကျုံသွားတာကို ပြောတာ ..
အခုတော့ အဲဒီ တယောက် အမဲသား ထောပတ်ကြော်ကို ကြော်တာ ဆရာကြီး ဖြစ်နေပြီ ...
သူ့က တခြားလူတွေကိုတောင် ပြန်ပီး ဘယ်လို .. ဘယ်လိုကြော်ဆိုတာတောင် ပြောတတ်နေပီ ...
ဒီပိုစ့်က အမှတ်တရပါပဲ ....