Tuesday, July 31, 2012

နံရိုး ၀က်သားနီချက်

ဝက်သားနီချက်၊ ကြက်သားနီချက် ချက်နည်းအတိုင်း ၀က်နံရိုးဖြင့် ချက်စားသော နံရိုး ၀က်သားနီချက် ...


နံရိုး ၀က်သားနီချက်


မျှစ်၊ ချဉ်ပေါင်ဟင်းရည်


ငပိထောင်း


နံရိုး ၀က်သားနီချက်

ဝက်နံရိုး နဲ့ ချက်ထားသော နံရိုး ၀က်သားနီချက် .... ၀က်နံရိုးများကို ရေသေချာဆေး၊ အနေတော် အသားတုံးများ တုံးပီးတာနဲ့ ဆား၊ ဟင်းခတ်မှုန့်၊ ဆနွင်းမှုန့်၊ ငရုတ်သီး အရောင်တင်မှုန့်၊ ရှာလကာရည်၊ ပဲငံပြာရည် အနောက်တို့နှင့် နှယ်ပီး နှပ်ထားပါ။

ဟင်းအနှစ်ဖတ်အတွက် ... ကြက်သွန်နီ ၃ ဥ ကို ပါးပါးလှီးပီး ကြော်ထားပါ။ အနေတော်လောက် ဆိုရင် ရပါပီ။ ကြက်သွန်ကြော်လိုမျိုး နီညိုရောင် သန်းတဲ့ အထိ ကြော်စရာ မလိုပါ။ ကြော်ပီးရင် ဆယ်ထားလိုက်ပါ။

ချက်မယ့် အိုးထဲမှာ ဆီ ထည့်။ ဆီပူပီ ဆိုတာနဲ့ သကြား ၂ ဇွန်းထည့် .. ချက်တဲ့ ဟင်းချက်ဇွန်းဖြင့် အဆက်မပြတ်မွှေပေးထားပါ။

ဆီပူအိုးထဲမှာ သကြားများ အရည်ပျော်တာနဲ့ တပြိုင်နက် ကြိတ်ထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီထည့် .. နှပ်ထားသော ၀က်နံရိုးတုံးများ ထည့်ပါ။ သကြားဆီပူရည် နှင့် အတူ ကြက်သွန်အနှစ်ဖတ်များ ၀က်နံရိုးနှင့် သမ ရောစပ်သွားအောင် မွှေပေးပီးမှ ပါးပါးလှီးထားသော ခရမ်းချဉ်သီး အနေတော် ၃ လုံး ထည့်မွှေပါ။ ခရမ်းချဉ်သီးဖတ်များ ကြေပီး လိပ်တက်လာပါလိမ့်မည်။ အဲဒီ အခါကျမှ ၀က်နံရိုးများကို ခရမ်းချဉ်သီး အနှစ်ရည်များဖြင့် မီးမြေးမြေး အနေအထားနှင့် တရေ လောက် အဖုံးအုပ်ပီး ချက်ထားလိုက်ပါ။

ပီးမှ ရေ ကို အသားတုံး အနေအထားပေါ် မူတည်ပီး ရေ ကို ချိန်ထည့်ပေးပါ။ အိမ်မှာ ဒီနေ့ ချက်သော ၀က်နံရိုး အသားတုံးများသည် အရိုးနု အသားတုံးများ ဖြစ်တာကြောင့် ရေ စပ်စပ်လေး ထည့်ပီး ချက်လိုက်ရုံနှင့် နူးအိနေပါပီ။

နောက်ဆုံး .. ၀က်နံရိုး ဆီပြန်လာခါနီးမှာ ကြော်ထားသော ကြက်သွန်နီကြော်များကို ထည့်မွှေပေးပီး အဖုံးအုပ် .. မီး အရှိန်ကို နံပါတ် ၂ လောက်အထိ လျှော့ပါ။ ( Low Heat ) 

မီးအရှိန် နှေးနှေးဖြင့် ချက်ပါက ဟင်းအိုးလည်း မတူးတဲ့ အပြင် ရေခမ်းပီး ဆီပြန် နေပါလိမ့်မည်။


ထမင်းပွဲ


နံရိုး ၀က်သားနီချက်၊ ငပိထောင်း၊ မျှစ်၊ ချဉ်ပေါင်ဟင်းရည်


မျှစ်၊ ချဉ်ပေါင်ဟင်းရည်


နံရိုး ၀က်သားနီချက်၊

အနှစ်ဖတ်များနှင့် နံရိုး ၀က်သားနီချက်ဟင်းပါ။ သူ့အရသာက ချိုတယ်။ မအီဘူး .. အအီကို ထိန်းပေးဖို့ အချဉ် အနေနှင့်ရော .. ဟင်းအရောင်အဆင်း အနေနှင့်ပါ လတ်လတ်ဆတ်ဆတ် ခရမ်းချဉ်သီး အနှစ်ဖတ်များဖြင့် ထည့်ချက်ထားတာမို့ မအီပါဘူး။


ချဉ်ရည်ဟင်း နှင့် ငပိထောင်း

ဝက်သားနီချက်ဟင်း၊ ၀က်သားမျှစ်ချဉ်ဟင်းတို့နှင့် အလိုက်ဖက်ဆုံးက ငပိထောင်းပါ။

အိမ်မှာ ငပိထောင်းကို ပုစွန်ခြောက်အပါ ထည့်ထောင်းပီး ဆီစိမ်းဆမ်းတဲ့ အခါ ရှိသလို .. ဒီလိုမျိုး ငပိဖုတ်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းကို ညက်နေအောင် ထောင်း ( သို့ ) ကြိတ်ပီး သံပုရာသီးညစ်ထားတဲ့ ငပိထောင်းကို ပိုပီး ခံတွင်းလိုက်တာမို့ ဒီငပိထောင်းကိုပဲ မကြာခဏ ချက်စားဖြစ်ပါတယ်။

ချဉ်ပေါင်ဟင်းရည်က ရွှေမြန်မာက ... ချဉ်ပေါင်ကြော်ကို မီးဖိုပေါ်မှာ ချက်မယ့်အိုးထဲ အရင်လှိမ့် ... ပီးတာနဲ့ ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ထည့်မွှေ၊ ပါးပါးလှီးထားသော ခရမ်းချဉ်သီး  ထည့်လုံး .. ဆူးဖြင့် ထိုးခြစ်ထားတဲ့ မျှစ် အမျှင်များနှင့် ထိပ်ဖျား အထူ နေရာကိုကျတော့ ဓါးဖြင့် အ၀ိုင်းလှီးထားသော မျှစ် အ၀ိုင်းတွေပါ ထည့်မွှေ ... ခရမ်းချဉ်သီးဖတ်များ နွမ်းသွားပီ ဆိုမှ ပုစွန်ငပိ အနည်းငယ်ကို ရေဖျော်ထည့်ပီး ထည့်လုံး .. ပီးမှ ရေထည့် ... ငရုတ်သီးစိမ်းတောင့်များ အညှာခြွေထည့်၊ ဆား နည်းနည်းထည့်၊ ချဉ်ရည်ဟင်းအိုး ကျတဲ့ အထိ တည်ပီးမှ နံနံပင် အုပ်ထားသော ချဉ်ပေါင်၊ မျှစ် ချဉ်ရည်ဟင်း ....


မျှစ်

ဗီယက်နမ်ဆိုင်မှာ ခြစ်ပီးသား မျှစ် လတ်လတ်ဆတ်ဆတ်များ ရောင်းပါတယ်။ ကိုယ်က ချဉ်ပေါင်ဟင်းရည်မှာ မျှစ် အမျှင် အပြင် မျှစ် အတုံး အဖတ် ကြီးကြီးနဲ့ စားချင်တာမို့ ကိုယ့်ဘာသာကိုယ် မျှစ်ကို ဆူးဖြင့် ခြစ်ပီး ချက်ထားတာပါ။

ဒီပိုစ့်မှာ ဗီယက်နမ်ဆိုင်က ၀ယ်လာသော မျှစ် ဓာတ်ပုံ ရှိပါတယ်။ မျှစ်ဖြင့် ကြော်ထားသော ချဉ်ပေါင်ကြော်


ချဉ်ပေါင်ကြော် ( ရွှေမြန်မာက လက်ဆောင်ရထားတာပါ )


ထမင်း နှင့် နှယ်ထားသော ချဉ်ပေါင်ကြော်

အရင်ပိုစ့်

ကြက်သားနီချက်၊ ငပိထောင်း၊ ချဉ်ပေါင် မျှစ်ချဉ်ရည်ဟင်း
ဝက်သားနီချက်၊ ပဲကြီး ဆူးပုပ်၊ ချဉ်ပေါင် မျှစ်ချဉ်ရည်ဟင်း
ဝက်သားနီချက်၊ ငပိထောင်း

0 comments :