Wednesday, April 25, 2012

ဘုံဘဝ

သမီးလေးကို တစ္ဆေ၊ သရဲ အကြောင်းတွေ ရှင်းပြရင်း အဖိုး ဖြစ်သူ (မာမီ အဖေ) ဦးနန္ဒ ရေးသား စီစဉ် ထုတ်ဝေတဲ့ ဦးနန္ဒ (၀ိဇ္ဖာဂုဏ်ထူး) ဒီဂျေ ရဲ့ ဘုံဘ၀ ပုံပြတရားတော် စာအုပ်ကို ဖတ်ပြ ရှင်းပြခဲ့တယ်။

 ဘဘ ... က မာမီတို့ ငယ်ငယ်တုန်းက ရန်ကုန် ဆေးတက္ကသိုလ်မှာ မြန်မာစာ ကျောင်းဆရာတစ်ယောက်ပေါ့။ နောက်တော့ ပင်စင်ယူပြီး ဘာသာရေး စာအုပ်တွေ ရေးသား ထုတ်ဝေ ဖြန့်ချီခဲ့တာ ဒီနေ့ ဒီအချိန်ထိပါပဲ သမီးလေး။

ဦးနန္ဒ ၏ ဘုံဘ၀ ပုံပြတရားတော် စာအုပ် မျက်နှာဖုံး

ဦးနန္ဒ ၏ ဘုံဘ၀ ပုံပြတရားတော် စာအုပ် မျက်နှာဖုံး

စာအုပ်က စာမျက်နှာ ၄၉ မှာ -

ပြိတ္တာဆိုတာ ချမ်းသာမှ ဝေးရာသို့ ရောက်နေတဲ့ သတ္တ၀ါလို့ အဓိပါယ် ရတယ်။ သူတို့ဟာ လူတွေ စွန့်ပစ်ထားတဲ့ ထမင်းကျန်၊ ဟင်းကျန်၊ အပုပ်အသိုး၊ နှပ်၊ တံတွေး၊ သလိပ်၊ မစင် စသည်တို့ကို စားသောက်ကြရပါသတဲ့။ တချို့ကတော့ သစ်ပင်များ၊ အိမ်ကြို အိမ်ကြားများမှာ နေကြလျက်၊ စိတ်ဓာတ်အားငယ်တဲ့ ယောကျာ်း၊ မိန်းမ၊ ကလေး သူငယ်စသူတို့ကို ခြောက်လှန့် ပူးကပ်ပြီး တစ္ဆေစာပစ်တဲ့အခါ စားသောက်လေ့ ရှိကြပါတယ်တဲ့။

ပြိတ္တာ ဘ၀သို့ ရောက်ရှိလာကြရခြင်းဟာ ရှေးက မိမိတို့ ပြုခဲ့ဖူးတဲ့ အကုသိုလ်ကံ တစ်ခုခုကြောင့် ဖြစ်လာကြရပါတယ်တဲ့။ တချို့လဲ ငရဲဘ၀မှာ ကြာရှည်စွာ ခံစား ကြရပြီးမှ ပြိတ္တာဘ၀သို့ ရောက်ရှိလာကြရတာ ဖြစ်ပါတယ်။ တချို့လဲ လူ့ဘ၀တုန်းက ကုသိုလ်ကောင်းမှုတွေ များစွာ ပြုခဲ့ကြပါရဲ့။ ဒါပေမယ့် သေခါနီဆဲဆဲမှာ သားသမီး သံယောဇဉ် ပစ္စည်းသံယောဇဉ် စွဲလမ်းမှုနဲ့ သေဆုံးခဲ့ကြတဲ့အတွက် သူတို့ရဲ့ အိမ်အနီးအပါးမှာပဲ ပြိတ္တာဘ၀ဖြစ်ပြီး နေကြရရှာပါသတဲ့။ သူတို့ အဖို့ကတော့ ကုသိုလ် ကောင်းမှု ပြုပြီး အမျှအတန်းဝေလို့ သာဓုခေါ်နိုင်ခဲ့ယင်တော့ ပြိတ္တာဘ၀မှ ကျွတ်လွှတ်နိုင်ပြီး လူပြန်ဖြစ်ဖို့ နီးစပ်လှပါသတဲ့။

စာမျက်နှာ ၅၄ -

ပြိတ္တာအမျိုးမျိုး

ပြိတ္တာတွေရဲ့ အမျိုးအစားနဲ့ ပတ်သက်ပြီး လောကပညတ္တိကျမ်းမှာ (၁၂)မျိုး ပြဆိုထားပါတယ်။

အဲဒါတွေကတော့ -

၁။ တံတွေး နှပ်စားတဲ့ ပြိတ္တာ၊
၂။ အကောင်ပုပ်စားတဲ့ ပြိတ္တာ၊
၃။ မစင်စားတဲ့ ပြိတ္တာ၊
၎။ ခံတွင်းမှ မီးလျှံထွက်တဲ့ ပြိတ္တာ၊
၅။ အပ်နဖားမျှ ပါးစပ်ပေါက်ရှိတဲ့ ပြိတ္တာ၊
၆။ ရေငတ် ထမင်းငတ်တဲ့ ပြိတ္တာ၊
၇။ မီးလောင်ငုတ်တိုလို ခံရတဲ့ ပြိတ္တာ၊
၈။ ဓားနဲ့တူတဲ့ လက်ရှိတဲ့ ပြိတ္တာ၊
၉။ တောင်လုံးမျှ ကိုယ်ခန္ဒာ ရှိတဲ့ ပြိတ္တာ၊
၁၀။ စပါးကြီးမြွေလို ကိုယ်ခန္ဒာရှိတဲ့ ပြိတ္တာ၊
၁၁။ ဗိမာန်ရှိတဲ့ ပြိတ္တာ၊
၁၂။ တန်ခိုးကြီးတဲ့ ပြိတ္တာမင်းတို့ ဖြစ်ကြပါတယ်။
 
အဋ္ဌကထာဋီကာကျမ်းမှာလဲ ပြိတ္တာ ၄ မျိုး ပြဆိုထားပါသေးတယ်။ အဲဒါတွေကတော့ -
 
၁။ သူတစ်ပါးပေးမှ စားရတဲ့ ပြိတ္တာ၊
၂။ ထမင်းငတ် ရေငတ်တဲ့ ပြိတ္တာ၊
၃။ ပူပန်နေရတဲ့ ပြိတ္တာ၊
၎။ အသုရကာယ်တို့ ဖြစ်ကြပါတယ်။

ဘုရားရှင်က တန်ခိုးတော်ဖြင့် ပြတော်မူသဖြင့် ပြိတ္တာတို့၏ ဆင်းရဲဒုက္ခကို လူတို့ တွေ့မြင်ကြရပုံ။

ဘုရားရှင်က တန်ခိုးတော်ဖြင့် ပြတော်မူသဖြင့် ပြိတ္တာတို့၏ ဆင်းရဲဒုက္ခကို လူတို့ တွေ့မြင်ကြရပုံ။ 
 ပြိတ္တာမြင်ရတဲ့ ဆေးမြစ်
တစ်ခါက သီဟိုဋ္ဌ်ကျွန်းမှာ မြေဖုတ်ဘီးလူးမ (ပြိတ္တာမ) တစ်ယောက်ဟာ သား ၂ ယောက်ကို ထူပါရုံဘုရား တံခါးအနီး၌ ထားခဲ့ပြီး အစာရှာဖို့ အနုရာဓမြို့တွင်းသို့ ၀င်ခဲ့ပါတယ်။ မြေဖုတ်ဘိးလူးမဟာ နေမြင့်သည့်တိုင်အောင် ပြန်မရောက်လာတဲ့အတွက်ကြောင့် သား ၂ယောက်တို့ဟာ ဆာလောင် မွတ်သိပ်ပြီး နေကြရပါတယ်။ ဒီအခါ မထေရ်တစ်ပါးကို မြင်တွေ့ကြပြီး ”အရှင်ဘုရား၊ အကျွန်ုပ်တို့မိခင်သည် မြို့တွင်းသို့ ၀င်သွားသည်မှာ ကြာမြင့်လှပါပြီ။ ထိုအမိအား ဆိုပါလေ။ ဟူးဟူးငြားငြားရသမျှ အစာတို့ကို လျင်မြန်စွာယူ၍ လာခဲ့ပါ။ သားသူငယ်တို့သည် ဆာမွတ်လှကုန်ပြီ”လို့ မှာကြားကြပါတယ်တဲ့။ ဒီအခါ မထေရ်က ”အဘယ်သို့လျှင် သင်တို့ မိခင်ကို ငါ မြင်နိုင်အံ့နည်း” လို့ မေးတဲ့အခါ မြေဖုတ် သူငယ်တို့က ”အရှင်ဘုရား၊ ဤဆေးမြစ်ကိုယူ၍ ကြည့်ပါလေ” လို့ ဆိုပြီး ဆေးမြစ်ကို ပေးလိုက်ကြပါသတဲ့။

မထေရ်ဟာ ဆေးမြစ်ကို ယူလိုက်တယ်ဆိုယင်ပဲ တစ်ထောင်မျှမကသော ပြိတ္တာ ဘီးလူးတို့ကို ထင်ထင်ရှားရှား မြင်တွေ့ရပါတော့သတဲ့။ လမ်းခရီးမှာ ကြောက်မက်ဖွယ် အဆင်းရှိပြီး ကိုယ်ဝန် အညစ်အကြေးစသည်တို့ကို ရှာကြံစားနေတဲ့ မြေဖုတ် ဘီးလူးမကို တွေ့ရှိတဲ့အခါ သားငယ်များ မှာကြားလိုက်တဲ့ အတိုင်း ပြောကြားပါသတဲ့။ ဒီအခါ မြေဖုတ်ဘီးလူးမက ”အဘယ်သို့လျှင် အရှင်သည် အကျွန်ုပ်ကို မြင်ပါသနည်း”လို့ မေးတဲ့အခါ မထေရ်က ဆေးမြစ်ကို ထုတ်ပြီး ပြသပါသတဲ့။ ဒီအခါ ဘီးလူးမဟာ မထေရ်မြတ်ထံမှ ဆေးမြစ်ကို လုယူပြီး ထွက်ပြေးသွားခဲ့ပါလေသတဲ့။

(မဇျွိမပဏ္ဍာသအဋ္ဌကထာ)
မထေရ်မြတ်၏ လက်ထဲမှ ဆေးမြစ်ကို မြေဖုတ်ဘီးလူးမက အတင်းလုယူ ထွက်ပြေးသွားပုံ။

မထေရ်မြတ်၏ လက်ထဲမှ ဆေးမြစ်ကို မြေဖုတ်ဘီးလူးမက အတင်းလုယူ ထွက်ပြေးသွားပုံ။
စာမျက်နှာ - ၆၀

ကိုယ်တွေ့ ပြိတ္တာများ

တစ်ချိန်က မော်လမြိုင်မြို့နယ်၊ ကမ်းခြေရွှာ တစ်ရွှာမှ တံငါသည် (၃)ယောက်တို့ဟာ လှေပျက်ပြီး တစ်ယောက်ကတော့ လှေပျက်နဲ့အတူ ကမ်းခြေတစ်ခုသို့ ရောက်ရှိသွားခဲ့ပါတယ်တဲ့။ ကမ်းပေါ်သို့ တက်ပြီး ဟိုဟိုသည်သည် အကူအညီရှာတဲ့အခါ ကွယ်လွန်သွားခဲ့ပြီးဖြစ်တဲ့ ဇနီးဟောင်းကို ပြန်တွေ့ရပြီး၊ သူ့ခေါ်ရာနောက်သို့ လိုက်သွားပါတယ်တဲ့။ သူတို့ နေတဲ့ ရွှာကို ရောက်ရှိတဲ့အခါ ဇနီးဟောင်းက အစားအသောက်များ ကျွေးမွေးပြုစုပြီး ကောင်းစွာ ထားပါတယ်တဲ့။

အဲ .... နေ၀င်ပြီး မှောင်လာတဲ့အခါ တစ်ရွှာလုံး ”လာကြဟေ့ .... လာကြဟေ့”လို့ ခေါ်ပြီး တစ်ယောက်မကျန် ထွက်ခွာသွားကြပါတယ်တဲ့။ မနက်လင်းမှ တစ်ရွှာလုံးပြန်လာတာ တွေ့ရတဲ့အခါ ယောက်ျားက ဇနီးဟောင်းကို ”မင်းတို့က ဘာတွေတုံး”လို့ မေးပါတယ်တဲ့။ ဇနီးဟောင်းက ”ကျုပ်တို့က နေ့စံ ညခံရတဲ့ ပြိတ္တာတွေပဲ၊ ညကျယင် အားလုံး တောင်ပေါ်သွားပြီး ခွေးစားခံကြရတယ်”လို့ ပြောပါသတဲ့။

နေ၀င်ရီတရိုး မှောင်စပျိုးသည့်အချိန်တွင် တစ်ရွာလုံး ”လာကြဟေ့ လာကြဟေ့”ဟု အော်ဟစ်ကာ ထွက်သွားကြပုံ။

နေ၀င်ရီတရိုး မှောင်စပျိုးသည့်အချိန်တွင် တစ်ရွာလုံး ”လာကြဟေ့ လာကြဟေ့”ဟု အော်ဟစ်ကာ ထွက်သွားကြပုံ။
ဒီအခါ ယောက်ျားလဲ ကြောက်ရွှံထိတ်လန့်ပြီး မနေ၀ံ့တော့ပဲ ”ပြန်တော့မယ်”လို့ ပြောတဲ့အခါ ဇနီးဟောင်းက လူသွားလမ်းရောက်အောင် လိုက်ပို့ပြီး ”သူ့အတွက် ကုသိုလ်ပြုပြီး အမျှဝေပါ” လို့ မှာလိုက်ရှာပါသတဲ့။ အဲဒီ တံငါသည်ယောကျာ်းလဲ မိမိရပ်ရွာသို့ ပြန်ရောက်တဲ့အခါ ကိုယ်တွေ့မြင်ခဲ့ရတဲ့ ပြိတ္တာတွေ ရဲ့ ဒုက္ခကို ကြောက်ရွှံပြီး လူ့ဘောင်၌ မနေ၀ံ့တော့ပဲ ဘုန်းကြီးဝတ်သွားပါသတဲ့။ အသားမစားပဲ သစ်သီး သစ်ရွက်တို့ကိုသာစားပြီး အလွန်အကျင့်ကောင်းတဲ့ ပုဂ္ဂိုလ်တစ်ပါး ဖြစ်ခဲ့ပါတယ်တဲ့။

(အရှင်ဇနကာဘိဝံသ၏ နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဒမှ)

သရဲဘ၀ဖြစ်ခဲ့ရသူ

၁၃၀၁-ခုနှစ်လောက်က မန္တလေးမြို့ ဘုရားကြီးတိုက်မှ ဦးအာစိဏဆိုတဲ့ စာသင်သား ရဟန်းတစ်ပါးရှိခဲ့ပါတယ်တဲ့။ ရုပ်ရည်ထွားကျိုင်းပြီး ဖြူစင်တယ်။ သဒ္ဒါတရားကောင်းတယ်။ ပိဋကတ်စာပေကို ကြိုးကြိုးစားစား ကျက်မှတ်ပါတယ်။ အဲဒီ ဦးအာစိဏက တစ်နေ့သောအခါ သပိတ်ဆေးယင်း ”အရှင်ဘုရားတို့ သတိပြုကြပါ၊ သူတစ်ပါးလှုတဲ့ ဆွမ်းတွေကို စားပြီး ကောင်းကောင်းကျင့်သုံးနေထိုင်ကြပါ၊ တပည့်တော်ကတော့ ၃-ဘ၀တိုင်တိုင် ကိုယ်တွေ့ဖြစ်ခဲ့ရလို့ အထူးသတိပြုနေပါတယ်” စသည်ဖြင့် အတူနေ ရဟန်းများအား ပြောကြားခဲ့ပါတယ်တဲ့။

အဲဒီလို ပြောပြီးတဲ့နောက် သူ့အကြောင်း သိချင်တာနဲ့ ကိုယ်တော်တစ်ပါးက မေးကြည့်ပါတယ်။ အဲဒီအခါ သူက ဒီလို ပြောပါတယ်။ ”သူ့ဟာ လူ့ဘ၀မှ သေတဲ့အခါ သရဲမကြီး ဖြစ်ခဲ့ရတယ်။ အဲဒီတုန်းက စားစရာလဲ မပြည့်စုံ၊ နေစရာလဲ ကောင်းကောင်းမရှိတဲ့အတွက် ဟိုသွားရ၊ ဒီသွားရနဲ့ အင်မတန် ဆင်းရဲခဲ့ရတယ်။ အဲဒီဘ၀မှ သေတော့ နွားထီးကြီး ဖြစ်ခဲ့ရတယ်။ အဲဒီ နွားဘ၀မှ သေတော့ ယခုဘ၀ရောက်လာရတယ်။ ဒါကြောင့် သံဝေဂရပြီး ရဟန်းပြုလာခဲ့တယ်”လို့ ပြောပါတယ်တဲ့။

(မဟာစည်ဆရာတော်၏ ဓမ္မစကြာတရားတော်ကြီး - မှ)

တစ္ဆေလူဝင်စား

မန္တလေးမြို့ ဈေးချို အနောက်ဘက်မှာရှိတဲ့ အိမ်မှ အမျိုးသမီးတစ်ယောက်ဟာ သေဆုံးပြီးတဲ့နောက် ဆယ်လကျော်တဲ့အခါ အဲဒီအိမ်မှာပဲ လူဝင်စားမိန်းကလေး ဖြစ်လာခဲ့ပါတယ်တဲ့။ စကားပြောတတ်တဲ့အရွှယ်ရောက်တဲ့အခါ ”ဒီအ၀တ်လဲ ငါ့ဟာ၊ ဒီပစ္စည်းလဲ ငါ့ဟာ” စသည်ဖြင့် ရှေးဘ၀တုန်းက သူ့ပိုင်ခဲ့တဲ့ ပစ္စည်းဥစ္စာများကို ပြောပြနိုင်ခဲ့ပါသတဲ့။

အခြားလူများက ” ညည်း ... ဒီအိမ်မှာ မ၀င်စားခင်က ဘယ်မှ ဖြစ်နေခဲ့သလဲ” လို့ မေးကြတဲ့အခါ ” ဒီလမ်းထဲမှာပဲ တစ္ဆေဖြစ်ခဲ့တယ်”လို့ ပြောပါသတဲ့။ ”ညည်း ... လူတွေကို မကြောက်ဘူးလား”လို့ မေးတဲ့အခါ ”လူကြီးတွေကို မကြောက်ပါဘူး၊ ကလေးတွေကိုတော့ ကြောက်တယ်၊ သူတို့ တုတ်နဲ့ ခဲနဲ့ ဟိုဟိုဒီဒီ ပစ်တဲ့အခါ သူတို့ကိုလဲ မှန်တတ်တယ်”လို့ ပြောပါသတဲ့။

”အဲဒီတုန်းက ညည်း ... မပျင်းဘူးလား”လို့ မေးကြတဲ့အခါ ”မပျင်းပါဘူး၊ ဒီလမ်းထဲမှာ အဖော် တစ္ဆေတွေ အများကြီးပဲ”လို့ ပြောသတဲ့။ ”ညည်းတို့ ဘာစားနေကြတုံး”လို့ မေးတဲ့အခါ ”လူတွေ ပစ်တဲ့ ထမင်းလုံး ဟင်းဖတ်နဲ့ သလိပ်ချွဲတွေကို စားနေကြတယ်၊ အမေ ဆွမ်းတော်တင်ပြီး အမျှဝေထဲအခါ သာဓုမခေါ်ပါဘူး၊ ဆွမ်းတော်စွန့်တော့ လုစားကြတာပဲ”လို့ တစ္ဆေ ပြိတ္တာ တို့ရဲ့ သဘာဝကို ပြောပြပါတယ်တဲ့။

(အရှင်ဇနကာဘိဝံသ၏ အနာဂတ်သာသနာရေး - မှ)

ကိုယ့်တွေ့ သရဲဝတ္ထု

ဦးစံဖေနဲ့ မိသားစုတို့ဟာ ၁၉၂၈-ခုနှစ်လောက်က ဇီးကုန်းမြို့မှ အင်းစိန်မြို့သို့ ပြောင်းရွှေ့လာခဲ့ကြရပါတယ်။ နယ်ပိုင် ၀န်ထောက်အဖြစ်မှ အခွန်ဝန်အဖြစ် ရာထူးပြောင်းပြီး အင်းစိန်မြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်တဲ့။

အင်းစိန်မြို့မှာ ၀န်းကျယ်ကျယ်ရှိတဲ့အိမ်ကြီးတစ်လုံးကို ရှာဖွေပြီး၊ ၄င်းအိမ်မှာ နေထိုင်စဉ် (၃)လခန့်ကြာတဲ့အခါ ဥိးစံဖေဟာ နေထိုင်မကောင်း ဖြစ်လာပါသတဲ့။ ဒါနဲ့ ရုံးမတက်ပဲ အိမ်မှာ အနားယူ လဲလျောင်းနေတဲ့အခါ နေ့လည် ၂-နာရီ လောက်မှာ အရပ်ပုပု ဆံပင် ဖားလျားချထားတဲ့ မိန်းမတစ်ယောက်ဟာ ခုတင် ခြေရင်းမှာ လာရပ်နေတာကို တွေ့ရပါသတဲ့။ အနားမှာ ဦးစံဖေရဲ့ ဇနီး ရှိနေပါသော်လဲ ထိုမိန်းမကို မမြင်ရ၊ ဦးစံဖေသာ မြင်ရပါသတဲ့။
နေ၀င်ရီတရိုး မှောင်စပျိုးသည့်အချိန်တွင် တစ်ရွာလုံး ”လာကြဟေ့ လာကြဟေ့”ဟု အော်ဟစ်ကာ ထွက်သွားကြပုံ။

ဦးစံဖေ နေထိုင်မကောင်းစဉ် အရပ်ပုပု ဆံပင်ချထားသည့် မိန်းမတစ်ယောက် ခုတင် ခြေရင်း၌ လာရပ်နေပုံ။
လွန်ခဲ့တဲ့ ၃-ရက်လောက်ကလဲ ဦးစံဖေရဲ့ ဇနီးနဲ့ သားတို့ အိပ်နေကြစဉ် သားငယ်ဟာ နံရံဘက်က အိပ်ပါလျက်နဲ့ ခုတင်အောက်ကို လိမ့်ကျသွားခဲ့ဖူးပါသတဲ့။ ဦးစံဖေရဲ့ မိခင်ကြီး ဘုရားမီး ပူဇော်ပြီး ဘုရားဝတ်ပြုစဉ်မှာလဲ ဘုရားမီး ၄-ခါလောက် အလိုလို ငြိမ်းသွားခဲ့ဖူးပါတယ်တဲ့။ ဒါပေမယ့် ဂရုမပြုမိကြပဲ အမှုမဲ့ အမှတ်မဲ့သာ နေခဲ့ကြပါသတဲ့။

အဲဒီရက်အတွင်းမှာ ဦးထွန်းအောင်ဆိုသူ ရောက်လာတဲ့အခါ ဦးစံဖေနဲ့ တွေ့လျှင် တွေ့ချင်း ”၀န်မင်း၊ ဒီအိမ်မှာ မနေပါနဲ့၊ ကျွန်တော် ဒီအိမ်ဝင်လာတော့ အိမ်ရှင်မသရဲကို တွေ့ရပါတယ်။ သူက မဆိုင်တဲ့သူများ ဒီအိမ်မှာ နေတာကို မကြိုက်ပါ”လို့ ပြောပါသတဲ့။ ဦးထွန်းအောင် ဆိုသူဟာ ဆေးဝါးကုတဲ့ဆရာ မဟုတ်ပေမယ့် ပယောဂကိုတော့ နိုင်သူဖြစ်ပါသတဲ့။

ဦးထွန်းအောင်က ”၀န်မင်း၊ ဒီအိမ်မှာပဲ ဆက်နေချင်ယင် အိမ်ရှင်သရဲကို နှင်ပေးပါ့မယ်” လို့ ပြောပါသတဲ့။ ဒါပေမယ့် ဦးစံဖေတို့ကလဲ ကိုယ်ချင်းစာတဲ့ သဘောနဲ့ ”သူ့ မနေစေချင်ယင် မနေရုံပေါ့၊ နှင်တော့ မနှင်ပါနဲ့”လို့ ဆိုပြီး တခြားအိမ်သို့ မိသားစု ပြောင်းရွှေ့ခဲ့ကြပါတယ်တဲ့။

အဲဒီအိမ်ကြီးအကြောင်းနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်တဲ့အခါ ”ဒီအိမ်ရှင်မဟာ ဗုဒ္ဒဘာသာဝင်ဖြစ်သော်လဲ ဘာသာမတူတဲ့ အင်္ဂလိပ်ကပြားနဲ့ အကြောင်းပါခဲ့တယ်။ လင်က အယင်သေသွားခဲ့တယ်။ အဲဒီအိမ်ရှင်မ သေခါနီးမှာ အလှုလုပ်လိုလို့ ဘဏ်က ငွေထုတ်ပေးဖို့ ပြောပေမယ့် ထုတ်မပေးတဲ့အတွက် စိတ်မကောင်းဖြစ်ပြီး သေဆုံးသွားခဲ့ရကာ ဒီအိမ်မှာပဲ သရဲ ဖြစ်နေတယ်။ အဲဒီ မိန်းမရဲ့ အရပ်ကလဲ ပုပုပျပ်ပျပ်ပါပဲ”လို့ ပြောပြခဲ့ကြပါတယ်တဲ့။

[အရှင်ဇနကာ ဘိဝံသ“ ဘာသာသွေး - မှ]

........................

အရင်ပိုစ့် ....


04.25.2012 - ဒီနေ့ မနက် blog ဖွင့်ကြည့်တော့ ဇင်မျိုး ဘလော့ : ၃၈ဖြာ မင်္ဂလာ မှာ တင်ထားတဲ့ ဓာတ်ပုံ ကို ထင်းကနဲ မြင်တာနဲ့ ဖွင့်ကြည့်လိုက်တာ ... ဖေဖေ ရဲ့ ကောင်းကျိုးချမ်းသာ မင်္ဂလာ စာအုပ် ဖြစ်နေတယ် ....

စာအုပ်ထက် ... အထဲက ... ဖေဖေ ရေးသားထားတဲ့ တရားတွေက အဝေးရောက်နေတဲ့ အငယ်ဆုံးသမီးကို ဆုံးမ .. တရားလမ်းပြ နေသလိုပါပဲ ...

ဖေဖေ ကျန်းမာပါစေ ... ဖေဖေ ... ပျော်ရွှင်ချမ်းမြေ့ပါစေ ... ဖေဖေ အသက်ရာကျော်ရှည်ပါစေ ....



‘မင်္ဂလာတရား’ ဆိုသည်မှာ ‘ကောင်းသောတရား’ ဟု ဘာသာပြန်ပါက သင့်တော်ပေမည်။ မင်္ဂလာတရားသည် တိုးတက်ကြီးပွား ချမ်းသာများခြင်း၏ အကြောင်းဖြစ်၏။ အလုံးစုံသော မကောင်းမှုကို ပယ်ဖျောက်တတ်သောကြောင့် မင်္ဂလာဟု ခေါ်ပါသည်။

၁)         ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၃-ပါး
၂)         နေရေး ထိုင်ရေး မင်္ဂလာ ၃-ပါး
၃)         သင်ကြားရေး မင်္ဂလာ ၄-ပါး
၎)         ၀တ္တရားကျေပွန်ရေး မင်္ဂလာ ၃-ပါး
၅)         လိုက်နာကျင့်သုံးရေး မင်္ဂလာ ၄-ပါး
၆)         ရှောင်ကြဉ်ရေး မင်္ဂလာ ၄-ပါး
၇)         စိတ်ထားပြည့်ဝရေး မင်္ဂလာ ၅-ပါး
၈)         သည်းခံရေး မင်္ဂလာ ၄-ပါး
၉)         ခြိုးခြံရေး မင်္ဂလာ ၄-ပါး
၁၀)       စိတ်ဓါတ်ကြံ့ခိုင်ရေး မင်္ဂလာ ၄-ပါး

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို၊ လိုက်နာကျင့်သုံး ပန်သူတွေ။
စီးပွားချမ်းသာ ကျက်သရေတိုးလို့၊ ကောင်းကျိုးစည်ပွင့် တဝေေ၀။
ဘေးကင်းရန်ကွာ ချစ်သူပေါလို့၊ စိတ်ရော ကိုယ်ရော ချမ်းသာမလေ။
ပြောဆိုကြံဆ ဆောင်သမျှ၊ အောင်ရ ကျိန်းသေမလေ။
အဲဒါကြောင့် ပန်ကြ ဆင်ကြ မင်္ဂလပန်းခိုင်တွေ။

မှတ်ချက်။
၁-မှ ၃၂-အထိ လောကီ မင်္ဂလာ။ ကျန် ၆-ပါး လောကုတ္တရာ မင်္ဂလာ။
၁-မှ ၃၃-အထိ အကြောင်း မင်္ဂလာ။ ကျန် ၅-ပါး အကျိုး မင်္ဂလာ-ဟု မှတ်ပါ။


( ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၃-ပါး )
လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့၊ မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့်၊ ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး၊ မြှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

( နေရေး ထိုင်ရေး မင်္ဂလာ ၃-ပါး )
ကုသိုလ်ပညာ ဥစ္စာရဖို့၊ သင့်ရာဒေသ အမြဲနေ။
ရှေးကတင်ကြို ပြုခဲ့ဖူးသည့်၊ ကောင်းမှုအထူး ရှိပါစေ။
မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့၊ မတိမ်းစေနဲ့ ဆောက်တည်လေ။
ဥစ္စာကိုပေး နေထိုင်ရေး၊ မြှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

( သင်ကြားရေး မင်္ဂလာ ၄-ပါး )
တတ်ကောင်းတတ်ရာ ဟူသမျှကို၊ ကြားမြင်သုတ ရှိပါစေ။
အိုးအိမ်တည်ထောင် ၀မ်းစာရေးနဲ့၊ အသက်မွေးဖို့ အတတ်သင်လေ။

လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို၊ ကောင်းစွာသင်ကြား နားလည်စေ။
မှန်ကန်ယဉ်ကျေး ချိုသာအေး၊ ဆိုရေး တတ်ပါစေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

( ၀တ္တရားကျေပွန်ရေး မင်္ဂလာ ၃-ပါး )
မြင်းမိုရ်ရွှေတောင် မိဘများကို၊ ကောင်းစွာဆင်ပေး ၀တ်ကျေကျေ။
ကြွေးသစ်ချကာ သားနှင့်မယားကို၊ မြှောက်စားချီးမြှင့် ၀တ်ကုန်စေ။
အလုပ်တာဝန် မလစ်ဟင်းနဲ့၊ အပြစ်ကင်းအောင် လုပ်ပါလေ။
စည်းစိမ်ကိုပေး ပြုစုရေး မြှော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

 ( လိုက်နာကျင့်သုံးရေး မင်္ဂလာ ၄-ပါး )
သုံးတန်စေတနာ ဖြူစင်လန်းလို့၊ ပေးကမ်းဝေမျှ လှူနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သုစရိုက်တရားကို ကျင့်ပါလေ။
ဆွေမျိုးတွေကို ပစ်မထားနဲ့၊ သင်္ဂဟတရားနဲ့ ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုး လူထုကျိုး သယ်ပိုးရွက်ဆောင်စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

( ရှောင်ကြဉ်ရေး မင်္ဂလာ ၄-ပါး )

မကောင်းမှုတွေ ဟူသမျှကို၊ မတွေ့ခင်က ရှောင်ကြဉ်လေ။
တွေ့ကြုံလာလျှင် မလွန်ကျူးနဲ့၊ အထူးသဖြင့် စောင့်စည်းလေ။
အရက်သေစာ မသောက်စားနဲ့၊ မှောက်မှားတတ်တဲ့ အရာပေ။
လုပ်ကိုင်ပြောကြား သတိထား တရားမမေ့စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

( စိတ်ထားပြည့်ဝရေး မင်္ဂလာ ၅-ပါး )
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက၊ ဆည်းကပ်ခစား ရိုသေလေ။
မာနတံခွန် ဂုဏ်မကြွနဲ့၊ ကိုယ့်ကိုနှိမ်ချ အမြဲနေ။
လောဘအပို လိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်စေ။
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး အထူးသိတတ်စေ။
ကောင်းကျိုးဆင့်ပွား မြတ်တရား၊ နာကြား မပြတ်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

( သည်းခံရေး မင်္ဂလာ ၄-ပါး )
ဝတ်စားနေထိုင် ရန်ခပ်သိမ်း၊ စိတ်ကိုချုပ်ထိန်း သည်းခံလေ။
ကျိုးကြောင်းပြညွှန် ဆုံးမစကား၊ ပြောကြားလာက နာလွယ်စေ။
သူမြတ်ပုဂ္ဂိုလ် ဟူသမျှ၊ မကြာခဏ တွေ့ဆုံလေ။
သဘာဝတွေး မှန်ကန်ရေး ဆွေးနွေးမပြတ်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

( ခြိုးခြံရေး မင်္ဂလာ ၄-ပါး )
လောကီအာရုံ ဇိမ်ယစ်မူးလို့၊ အပျော်မကြူးနဲ့ ခြိုးခြံလေ။
မေတ္တာဗြဟ္မစိုရ် လက်ကိုင်သုံးလို့၊ သူမြတ်ကျင့်ထုံး ယွင်းမသွေ။
လေးပါးသစ္စာ ဉာဏ်မြင်ကြည့်လို့၊ အမှန်သိအောင် ကြိုးစားလေ။
ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း အလင်းပေါက်နိုင်စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

( စိတ်ဓါတ်ကြံခိုင်ရေး မင်္ဂလာ ၄-ပါး )
ဆင်းရဲချမ်းသာ သဘာဝ၊ တွေ့ကြုံနေကြ လူတိုင်းပေ။
ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊ တလဲစီလှည့် အမြဲနေ။
လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။
သောကကိုထိန်း ရမ္မက်သိမ်း၊ အေးငြိမ်းချမ်းသာနေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။




4 comments :

Anonymous said...

This one is enlightened blog post. Thanks * lot for sharing your valuable post through this blog.

Thet Nandar Family said...

@ Anonymous - You're welcome.

Anonymous said...

အိမ်က ၁၁ နှစ် အရွယ် သားသားကို ကျွန်မက ဒီပိုစ့်ဖတ်ခိုင်းတော့ သားသားက ဖတ်ကြည့်တာ သဘောကျတယ် ... စိတ်ဝင်စားတယ် ... သူ့ အဖေ နဲ့ အပြန်အလှန် ဆွေးနွေးနေတာ ကြည့်ပီး ကျွန်မ အရမ်းပီတိဖြစ်မိလို့ ကွန်မန့် ရေးတာပါ ... မျှဝေပေးတာ ကျေးဇူးပါ အမရယ် ....

သီတာမိုး

Thet Nandar Family said...

@ သီတာမိုး - ညီမရဲ့ သားသားကို ငယ်ရွယ်စဉ်မှာ ဘာသာရေးကို စိတ်ဝင်စားမှု ရှိပီး

" အပြန်အလှန် ဆွေးနွေးနိုင်မှု့ "

ရှိတာ အခုခေတ် အနေအထားနဲ့ ဆိုရင် အံ့လည်း အံ့သြမိပါတယ် ... တော်တယ်လို့လည်း ချီးမွမ်းမိပါတယ် ...

သူတို့ကို

" ဆွေးနွေးနိုင်ဖို့ အခွင့်အရေးပေး "

တာလည်း ညီမရဲ့ ပါးနပ်မှု့ တခုပါပဲ ....