Wednesday, March 28, 2012

ကုလားပဲထမင်း


ဒီတခါ ချက်တဲ့ ပဲထမင်းက စမုံစပါးကို ထောပတ်ဆီသတ်ပီး ... ရေစိမ်ထားတဲ့ ကုလားပဲ နှင့် ချက်ထားသော ပဲထမင်းဖြစ်ပါတယ် ...


ဒီတခါ ကုလားပဲကို မနူးမနပ် အရင်ပြုပ်ပီး မချက်ပဲ .. 
ထမင်းနှင့် မချက်ခင် ၃ နာရီလောက် ရေစိမ်ထားသော ကုလားပဲ နှင့် ချက်ထားသော ...


ပဲထမင်း


ဒီတခါ ပဲထမင်းကို ဘလချောင်ကြော် နှင့် နှယ်မစားပဲ .. ကုလားပဲ ဒိန်ချဉ် .. အချဉ်ရည် စမ်းစားပါတယ် ...


အမဲသား ထောပတ် ကြော်နှပ် 


အမဲသားဟင်း နှင့် ပဲထမင်း

..... ချက်၊ စားနည်း .....

  
ကုလားပဲ ကို မချက်ခင် ၃ နာရီလောက် ရေ အရင် ကြိုစိမ်ထားလိုက်ပါတယ် ....

ဆန် - 1 cup
ကုလားပဲ - 1/2 cup
ဂီးလ် .. ထောပတ် - ထမင်းစားဇွန်း ၁ ဇွန်း
စမုံစပါး - လက်ဘက်ရည်ဇွန်း တ၀က်
ဆား - လက်ဘက်ရည်ဇွန်း တ၀က် 
ရေ - ၃ ခွက် 
မီးမြေးမြေး နှင့် မိနစ် ၂၀ 

မီးမြေးမြေး အနေအထားနဲ့ ထောပတ်ကို အရည်ပျော်အောင် အရင် ချက်လိုက်ပီး ..
ထောပတ် အရည်ပျော်တာနဲ့ စမုံစပါးကို ထည့် ...
၃ နာရီလောက် ရေစိမ်ထားသော ကုလားပဲများကို ရေစစ်ပီး ထည့်ကြော် ...
ကုလားပဲ ထည့်မွှေပီး .. တအောင့်ကြာမှ ဆန်၊ ဆား ထည့်မွှေပါ ...
rice cooker နဲ့ ချက်မယ် ဆိုရင် ပုံမှန် ထမင်း ချက်တဲ့ ရေပမာဏ ထက် နည်းနည်း ပိုထည့်ပေးပီး ...
မီးဖိုမီးနဲ့ ချက်မယ် ဆိုရင်တော့ မီးမြေးမြေး အနေအထားနဲ့ မိနစ် ၂၀ .. ၂၅ မိနစ်လောက်ဆို ပဲထမင်း ရပါပီ ....


ထောပတ်နှင့် ချက်ထားသော ပဲထမင်း 


အမဲသား ထောပတ် ကြော် နှပ် အတွက် .. ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း ကို ထောင်း ...


ခရမ်းချဉ်သီး တလုံးကိုပါ ကြိတ်ထားလိုက်ပီး ...



အမဲသားကို ဆား၊ ဟင်းခတ်မှုန့် နဲ့ နှယ်ပီး ခဏလောက် နှပ်ထားလိုက်ပါတယ် ....

မီးဖိုပေါ်မှာ မီးမြေးမြေး အနေအထား နှင့် ထောပတ် ၄ အောင်စလောက်ကို အရည်ပျော်အောင် အပူပေးပီးတာနဲ့ ဖာလာစေ့ ၃ စေ့၊ နံနံစေ့ .. တို့ကို ထည့်ဆီသတ်၊ ပျဉ်တော်သိမ် ကို အရွက်တွေ ခြွေပီး ထည့်ဆီသတ်ပီးတာနဲ့ နှပ်ထားတဲ့ အမဲသားကို ထည့်ကြော်ပါတယ် ...

ဒီတခါ အမဲသားကို ထောပတ် နှင့် ကြော်ပီးမှ ဟင်း အနှစ်များနှင့် ပြန်နှပ်ချက်တာပါ ..

အမဲသားတုံးများကို ကြော်ပီး ခဏဆယ်ထားပါ ...

ကျန်နေတဲ့ ထောပတ်ဆီထဲ ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း ထည့် ဆီသတ် ..

ဆနွင်းမှုန့်၊ ငရုတ်သီး အရောင်တင်မှုန့် ထည့် ...

ကြိတ်ထားတဲ့ ခရမ်းချဉ်သီး အနှစ်တွေ ထည့် ...

ကြော်ထားသော အမဲသားတုံးများထည့် ... လုံး ပီး .. 

နှံစပ်နေအောင် မွှေပီးမှ .. ရေ အလော်တော်လောက် ထည့် .. အဖုံးအုပ် ...

အမဲသား နူးလာခါနီးမှ သံပုရာရည် ( လတ်လတ်ဆတ်ဆတ် ) ညစ်ထားတာ လက်ဘက်ရည်ဇွန်း ၂ ဇွန်းလောက် ထည့်ပီး ဆီပြန်နေအောင် ချက်ထားသော  ...


အမဲသား ထောပတ်ကြော်နှပ်
 

ပဲထမင်းမှာ ဆမ်းစားဖို့ ကုလားပဲ ဒိန်ချဉ် ( အချဉ် ) ပါ ...

ဒိန်ချဉ် - 1 cup
ကုလားပဲမှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
ထောပတ် - ထမင်းစားဇွန်း ၁ ဇွန်း
သစ်ကြားပိုးခေါက် - ၁ ခု
စမုံစပါး - လက်ဘက်ရည်ဇွန်း -တ၀က်
လေညင်းပွင့် - ၂ ခု
ကရဝေးရွက် - ၁ရွက်
မုန်ညင်းစေ့ - လက်ဘက်ရည်ဇွန်း - တ၀က်
ပျဉ်တော်သိမ်ရွက် - ၅ ရွက်
ငရုတ်သီးစိမ်း - ၂ တောင့်
ငရုတ်သီးခြောက် - ၂တောင့်
သကြား - လက်ဘက်ရည်ဇွန်း ၁ ဇွန်း
ရေ - 2 cups


မီးဖိုပေါ်မှာ ...
ထောပတ် ( ထမင်းစားဇွန်း - ၁ဇွန်း ) ကို အရင်ဆုံး ပျော်အောင် မီးမြေးမြေး နှင့် အပူပေးပီးတာနဲ့ တပြိုင်နက် ...
ငရုတ်သီးခြောက် အတောင့် ၂ တောင့်ကို မီးမြေးမြေးနှင့် ကြော်ပီး .. 
( ငရုတ်သီးကြော် ... အရမ်းကြီး မမဲခင်မှာ )  ..
စမုံစပါး ( လက်ဘက်ရည်ဇွန်း - တ၀က် )
မုန်ညင်းစေ့ ( လက်ဘက်ရည်ဇွန်း - တ၀က် )  
လေညင်းပွင့် - ၂ ခု
ကရဝေးရွက် - ၁ ရွက်
သစ်ကြားပိုးခေါက် - ၁ ခု
ပျဉ်တော်သိမ်ရွက် - ၅ ရွက် .. ဆီသတ်ကြော်ပီးတာနဲ့ တပြိုင်နက် ...

ဒိန်ချဉ် - 1 cup ထည့်မွှေ
သကြား ( လက်ဘက်ရည်ဇွန်း - ၁ ဇွန်း ) ထည့်မွှေပေးပီး .. 
( ဒိန်ချဉ် အဖတ်လေးတွေ မဖြစ်အောင် အဆက်မပြတ်မွှေနေရင်းနဲ့ .. ) 

ကုလားပဲမှုန့် ( ထမင်းစားဇွန်း - ၁ ဇွန်း ) + ရေ - 2 cups ဖျော်ထားသော ကုလားပဲ အရည်ကိုလောင်းထည့် .. 
အဖတ်တွေ မဖြစ်အာင် ဇွန်းနှင့် အဆက်မပြတ်မွှေပေးရင်း ...
ဆား အနည်းငယ် နှင့် အတူ .. ငရုတ်သီးစိမ်း ၂တောင့်ကို ထက်ပိုင်းချိုးပီး ထည့်မွှေပေးပါ ..
မပျစ်မကျဲ .. ပဲထမင်း နှင့် ဆမ်းစားလို့ ရတဲ့ အနေအထား ချက်ထားသော ... 


ကုလားပဲ ထောပတ် ဒိန်ချဉ် ( အချဉ် )  


ပဲထမင်း နှင့် အချဉ်

..... အရင်ပိုစ့် .....

သစ်ကြားပိုးခေါက်၊ ကရဝေးရွက်၊ နာနတ်ပွင့် နှင့် ချက်ထားသော ပဲထမင်း
ထောပတ်ထမင်း
ပိန်းဥထမင်း
အုန်းထမင်း
ကြက်ဆီထမင်း


စကားမစပ် ... ကိုယ် .. thetnandar.myanmar FB a/c ( အသစ် ) ဖွင့်ပီးကတည်းကလေ .. ဒီနေ့ မြန်မာ သတင်းတွေကို အလျင်မှီအောင် မနည်းလိုက်ဖတ်နေရတာမို့ .. ကိုယ့် FB a/c update မဖြစ်တာကို နားလည်ပေးပါ ..

ကိုယ်ပဲ .. သူငယ်ချင်း အဖြစ်နှင့် လိုက်အပ်ပါမည် ... ကိုယ့် ကို FB a/c အပ်ထားပီးမှ FB a/c က active မဖြစ်တဲ့ အတွက် .. လာအပ်ထားသောသူများကို အားနာလို့ပါ ...

သီရိရတနာ ဘလော့မှာပဲ update ဖြစ်မှာပါ ...
ကိုယ့်ရဲ့ personal တွေလည်း ဒီမှာပဲ update ဖြစ်မှာပါ ...

blog က မှတ်တမ်း သိမ်းပုံ သိမ်းနည်း အစဉ်တကျ နှင့် သပ်ရပ်တာမို့ blog မှာ မှတ်တမ်းလေးတွေ သိမ်းရတာကို ပိုသဘောကျပါတယ် ..

FB a/c တခါ ၀င်လိုက်ရင် ဖတ်စရာတွေ .. သတင်းထူး .. တွေလည်း အများကြီးပါပဲ ...
Friends list Feed တခု ကနေ တခု ကို သွားပီး ဖတ်နေတာနဲ့တင် ..
အနည်းဆုံး ... ၁ နာရီ ... ၂ နာရီလောက် ကြာပါတယ် ...

ရှမ်းမလေး အတွက် တကယ့်ကိုပဲ စိတ်မကောင်းပါဘူး ...

  ကောင်းရာသုဂတိလားပါစေ ... ငြိမ်းချမ်းစွာ အိပ်စက်နိုင်ပါစေ ....

2 comments :

Vista said...

ဖတ်သွားမှတ်သွားပိတ်ရက်လုပ်စားအုံးမြည်..

Thet Nandar Family said...

Vista ...

အိမ်လာလည်တာ ကျေးဇူးနော် ...

ပဲထမင်းကို .. ထောပတ် နှင့် ဆီသတ်ပီး ကိုယ့် ကြိုက်နှစ်သက်မယ့် ဟင်းခတ် အမွှေးအကြိုင်များ နှင့် ချက်စားလို့ ကောင်းတယ်ဆိုတာ ပြောပြပေးချင်တာပါ ...