Monday, January 2, 2012

Brussels sprout



Brussels sprouts


သူ့နာမည်က  ( Brussels sprouts ) - ဘရက်ဆဲလ် စပရော့က်စ် ... ကိုယ့်ကတော့ သူ့ကို ဘေဘီဂေါ်ဖီ လို့ ခေါ်တယ်။ baby corn ... baby carrot လိုမျိုးလေ။ နာမည် ဆင်တူ၊ မှတ်ရလွယ်အောင် ခေါ်လိုက်တာ။

  
ဝက်နံရိုးပေါင်း



ဝက်နံရိုးပေါင်း 


ဒယ်ဒီ အသိတစ်ယောက် ပေးတဲ့ ချဉ်ပေါင်ကြော် (အစပ်)


မျှစ်ပါ ထည့်ကြော်ထားတယ်။ ငရုတ်သီး အဖတ်တွေတောင် မြင်နေရတာ။ ပုံမှန် ချဉ်ပေါင်ကြော်ထက် နည်းနည်း စပ်တယ်။ ကိုယ့်ကတော့ အစပ်ကြိုက်လို့ အဲလိုမျိုး သူများကြော်တဲ့ ချဉ်ပေါင်ကြော် စပ်စပ်ကို ကိုယ့် အိမ်ထမင်း၊ အိမ်ဟင်း အပြောင်းအလဲ အနေနဲ့ ကြိုက်တယ်။


ဒီ ၀က်သားဟင်းလည်း အဲဒီ တစ်ယောက်ပဲ ပေးတာ။ မြန်မာဟင်းဆန်ဆန် ဆီများများ၊ အနှစ်များများနဲ့ အသားများ နူးအိအောင် ချက်ထားတာမို့ ကြိုက်ပါတယ်။ အမေရိကားမှာ ကိုယ့်ချက်တာမဟုတ်တဲ့ မြန်မာဟင်းတခွက်ကို ဒေါ်လာပေးဝယ်မယ်ဆိုရင်တောင် ကိုယ်တို့ ကွန်နက်တီကတ်မှာ ၀ယ်လို့မရပါဘူး။ မြန်မာ ထမင်းဆိုင် မရှိလို့ :D


ထမင်းကို ချဉ်ပေါင်ကြော်စပ်စပ်နဲ့ နှယ်ပီး 


ချဉ်ပေါင်နဲ့ မျှစ်ကြော် နည်းနည်းနဲ့ ၀က်သားဟင်း


** ချက်၊ စားနည်း **


Brussels Sprouts  ( ဘရက်ဆဲလ် စပရော့က်စ် )

ဘေဘီဂေါ်ဖီတွေကို ရေသေချာဆေးပီး ချက်မယ့်အိုးမှာ ဆီလေး နည်းနည်းပဲ ထည့်၊ ကြက်သွန်ဖြူ နှုတ်နှုတ်စင်းထားတာ အရင်ထည့်ဆီသတ်ပီးမှ ဘေဘီဂေါ်ဖီများထည့်၊ ဟင်းခတ်မှုန့်၊ ဆား၊ သကြား၊ ပဲငံပြာရည် အနောက်ထည့်မွှေ၊ ရေလေး အနည်းပဲ ဖျန်းပီး ဘေဘီဂေါ်ဖီများ နူးလာပီဆို စားလို့ ရပါပီ။ သူ့အရသာက ချိုတယ်။ တမျိုးလေးပဲ။ တငုံစာပဲ ရှိတယ်။ စားလို့ကောင်းတယ်။ အရမ်းနူးနေအောင်တော့ မချက်ဘူး။ အရမ်းနူးရင်လည်း ပျော့ပြဲသွားလိမ့်မယ်။ ဂေါ်ဖီထုပ် သေးသေး ကျစ်ကျစ်လေးဆိုတော့ တို့စရာ အနေနဲ့ စားမယ်ဆိုရင် .... ရေနွေးဖျောလိုက်ရုံနဲ့တင် စားလို့ရနေပါပီ။ တို့စရာအနေနဲ့လည်း စားကောင်းမှာပါ။ ငပိရည် နဲ့ဖြစ်ဖြစ်၊ ခရမ်းချဉ်သီးထောင်း၊ ခရမ်းချဉ်သီး ငံပြာရည်ချက်နဲ့လည်း တွဲစားလို့ကောင်းတယ်။ ရေနွေးဖျောထားတဲ့ ဂေါ်ဖီရွက်နဲ့ တို့စားရတာ ကြိုက်တဲ့ သူမျိုးဆို ဒီလို ဘေဘီဂေါ်ဖီ ရေနွေးဖျောကို တို့စရာ အနေနဲ့ ကြိုက်ကြမှာပါ။  


ဘေဘီဂေါ်ဖီ

ဝက်နံရိုးပေါင်းဖို့ .... ၀က်နံရိုးတွေကို ရေသေချာဆေးပီး၊ အသားတုံး အနေတော် ခုတ်၊ ထစ်၊ ဆား၊ သကြား၊ ဟင်းခတ်မှုန့် ၊ ပဲငံပြာရည် အနောက်၊ ပဲငံပြာရည် အကြည်တို့နဲ့ နှယ်ထားပီး ဓါးပြားရိုက် ကြက်သွန်ဖြူ၊ လေးစိတ်ခြမ်း ကြက်သွန်နီ၊ ဓါးပြားရိုက် ဂျင်းတို့နဲ့ Pressure cooker ထဲမှာ အိုးပူတိုက်ပီးမှ ရေ တစ်ခွက်လောက်ပဲ ထည့်။ မီးမြေးမြေး အနေထားနဲ့ မိနစ် ၂၀ လောက် ချက်ထားသော ၀က်နံရိုးပေါင်း။


အသားတုံး အနေအထားက တလက်မ ကျော်ကျော် အရွယ်အစားမို့ အသားများလည်း နူးအိသလို ၀က်နံရိုး အရိုးများလည်း နူးအိတယ်။ 


Pressure cooker နဲ့  ၃၅ မိနစ် ကျော် မီးမြေးမြေးနဲ့ ချက်မယ်ဆိုရင်တော့ အသားတွေနူးအိတာ အပြင် အရိုးများပါ ၀ါးစားပီး မျိုချလို့ရလောက်အောင် နူးအိသွားပါလိမ့်မယ်။ ၂၀၁၁ ... ၀က်ကြေးအိုး ချက်တုန်းက ၀က်ရိုးပြုတ်ရည် လိုချင်တာမို့ မီးမြေးမြေးနဲ့ တစ်နာရီ နီးပါးလောက် ခပ်ကြာကြာလေးချက်ထားတယ်။

** အရင်ပိုစ့် ** 


** ၀ယ်စားသော အစားအသောက်များ **


2 comments :

thu ma said...

ဘေဘီဂေါ်ဖီကချစ်စရာလေးတွေ
ထမင်းနဲ့ ချဉ်ပေါင်နယ်ထားတာကြည့်ပြီးစားချင်သွားတယ်

Thet Nandar Family said...

Thu ma ...

အိမ်လာလည်တာ ကျေးဇူးနော်။