Thursday, December 15, 2011

မျက်စိစွန်

သို့

ဒယ်ဒီ

မနေ့က မနက် ဒယ်ဒီ gtalk မှာ ခိုင်းတဲ့ အတိုင်း မာမီတို့ သားအမိ ၃ ယောက် နေ့လည်မှာ မဂိုလမ်းက American vision ကို သွားပီး သားသား မျက်စိစွန်တာကို သွားပြခဲ့တယ်။ မျက်မှန်ဆိုင် အထဲကို ၀င်လိုက်ရင် ကောင်တာတွေ့တယ်။ အဲဒီမှာ ဆေးစာအုပ် လုပ်ရင်း ဆရာဝန် စမ်းသပ်ခ နဲ့ စာအုပ်ဖိုး အပါအ၀င် ၃၂၀၀ ကျပ် ကိုပေး။ သူ့ဘေးက ခုံတန်းလေးမှာ ခဏ ထိုင်စောင့်ရင်းနဲ့ အဲဒီက staff တွေက ကောင်းစေ လို့ လှမ်းခေါ်တာ ခဏလောက် စောင့်ဆိုင်းပီး ဆေးခန်းက ဒေါက်တာ ဒေါ်တိုးရှိန် ဆီမှာ သားသား မျက်စိစွန်တာ ပြတယ်။

 
ဘယ်ဘက်မျက်စိစွန်နေသော သားသား 18-2-2011
ဒေါက်တာက စမ်းသပ်ခုံမှာ သားသားကို မာမီ ပေါင်ပေါ်မှာ ထိုင်စေပီး သေချာ စမ်းသပ်ပေးပါတယ်။ မျက်စိ အမြင်အာရုံ ကောင်းမကောင်းလည်း အရှေ့မှာ ရှိတဲ့ projector မှာ ကြည့်ခိုင်းတယ်။ လူကြီး ဆိုရင် စာလုံးတွေပေါ့။ ခလေး ကျတော့ ကာတွန်းပုံတွေ၊ တိရိစာန်ပုံတွေလေ။

ပီးတာနဲ့ မျက်စိ စမ်းသပ်တဲ့ ကိရိယာ စက်ကြီးမှာ ထိုင်းပီး မျက်လုံးကို အသေးစိတ် ကြည့်တယ်။ သေချာတာပေါ့။ သားသားက မျက်စိစွန်နေတာလေ။

ဒီအတိုင်း မျက်စိနဲ့ ခန်းမှန်းကြည့်ရင် သိနိုင်ပေမယ့်လည်း အသေးစိတ် မှန်မှန်ကန်ကန် စက်နဲ့ ကြည့်တဲ့အခါကျတော့ ပိုကောင်းတယ်လေ။

 
eye check up
credit to Google image

မျက်စိစမ်းသပ်တဲ့ မှန်ဘီးလူးနဲ့ ကြည့်တဲ့အခါကျတော့ သားသားမျက်လုံးက မျက်တောင်မွှေး အခြေမှာ အဆီအိတ်တွေ ပိတ်နေလို့ ပြည်တည်နေပီး မျက်စိစွန်တာလေ။ အခု ကလေးတွေလည်း ခပ်လို့ရတဲ့ (( မျက်စဉ်းဆေး OFLOX တစ်ကြိမ်ကို တစ်စက် x တစ်နေ့ ၃ ကြိမ် x တစ်ပါတ် )) နဲ့ (( ကလေးသောက်တဲ့ Amoxilcilin 5 ml x တစ်နေ့ သုံးကြိမ် x ၅ ရက် )) ပေးလိုက်တယ်။

mommy က သားသား ရဲ့ ပထမဦးဆုံးအကြိမ် ဘာကြောင့် မျက်စိစွန်တယ် ဆိုတာ ကြိုသိနေတာက ...

အင်တာနက် ကနေ သားသား က မျက်စိစွန်တာလား။ မျက်စိမှာ ဘာအလုံး လဲး ဆိုတာ သိချင်လို့ သားသား အခြေအနေကို google ကနေလည်း အင်္ဂလိပ်လို ရေးထားတာကော။ မြန်မာလို ရေးထားတာတွေပါ ရှာကြည့်တော့ ဒီဘလော့လေးက တော်တော်လေးကို အထောက်အကူပြုပါတယ်။

Stye မျက်စိစွန်ခြင်း

13 Sep 10, 18:30

bloom: ဆရာခင်ဗျာ မျက်စိစွန်တာ ဘာကြောင့်ဘာလည်း မဖြစ်အောင် ဘယ်လိုနေထိုင်ရမလည်း၊ ဖြစ်ရင်လည်း၊ ဘယ်လိုကုသမှု ခံယူရမလည်း၊ ဖြေကြားပေးပါခင်ဗျာ။

မျက်စိစွန်တာကို ဆေးစာနဲ့ External stye or Hordeolum လို့ခေါ်တယ်။ ချွေးထွက် (ဂလင်း) တွေမှာ ပိုးဝင်တာပါ။ အတွင်းစွန်တာလဲ ရှိသေးတယ်။ Chalazia ခေါ်တယ်။ မျက်စိစွန်တာ ရက်မကြာပါ။ အပြင်စွန်တာက ဆေးမကုတာတောင် ၇-၁၀ ရက်သာ ကြာတယ်။ အတွင်းစွန်က ကြာတယ်။

Staphylococcus ဗက်တီးရီးယား ကြောင့်ဖြစ်ရတာပါ။ မျက်တောင်မွှေး အခြေမှာ အဆီထွက်ပေါက် ပိတ်နေလို့လဲ အဲလိုဘဲ ဖြစ်တယ်။ အအိပ်ပျက်၊ အစားပျက်ကနေလဲ ဖြစ်ဘို့ များစေတတ်တယ်။ သန့်ရှင်းရေး လိုတာကြောင့်လဲ ဖြစ်မယ်။ မျက်နှာသုတ်ပုဝါ၊ လက်ကိုင်ပုဝါ လဲသုံးတာကနေ ကူးတယ်။

ဖြစ်မဲ့နေရာမှာ နီရဲရဲအဖုလေး၊ အလယ်မှာ ခပ်ဝါ၀ါလေး ဖြစ်လာမယ်။ မျက်ခွံလဲ ရောင်နေမယ်။ နာမယ်။ ပူမယ်။ မျက်ခမ်း အနားမှာ အက်နေမယ်။ မျက်လုံး ကောင်းကောင်း ဖွင့်မရဘူး။ ကြည်လို့လဲ မကြည်ဘူး။ မျက်ဝတ်-မျက်ရည် ယိုမယ်။ အလင်းရောင် မကြည့်နိုင်ဘူး။ မျက်စိထဲ တခုခုဝင်နေသလို ခံစားရမယ်။

Erythromycin ပဋိဇီဝမျက်စဉ်း နဲ့ ပဋိဇီဝစားဆေး Chloramphenicol, Amoxacillin တွေ ပေးကုရပါတယ်။ Chloramphenicol မျက်စဉ်းကို တချို့နိုင်ငံတွေမျာဘဲ သုံးတယ်။ ပြည်ရှိနေတာမို့ မဖေါက်ရင် ပေါက်ထွက်တယ်။ ပြည်ကို သေသေ ခြာခြာ ရှင်းပေးရမယ်။ အပူကပ်ပေးရင် သက်သာတယ်။ အနာသက်သာတဲ့ဆေး ပေးအုံးမယ်။ မိတ်ကပ်၊ (အိုင်း-လိုင်နာ) မသုံးသေးပါနဲ့။ ရောဂါပိုးက ဘေးပြန့်သွားရင် ပိုပြင်းတဲ့ဆေးတွေ ပေးရမယ်။ ရှားရှားပါးပါး အတွင်းစွန်တာကနေ အနာရွတ်ဒဏ်ဖြစ်စေနိုင်တယ်။

လက်ဆေးတာနဲ့ မကူးအောင်ကာကွယ်နိုင်တယ်။

၁၅-၉-၂၀၁၀


ပထမ သားသားကို ကလေးအထူးကု ဆရာဝန်ဆီ သွားပြပါသေးတယ်။ အာရှတော်ဝင်မှာ ကလေးအထူးကု ဆရာဝန် စမ်းသပ်ခ - (5000 ကျပ်) က သားသားမျက်လုံး မျက်ခမ်းပေါ်က အလုံးသေးသေးလေးက အဆီကျိတ်လို့ပဲ သတ်မှတ်ပေးလိုက်တာပါ။

နောက်ပိုင်းရက်တွေကျတော့ ရောင်လာတာနဲ့ မျက်စိအထူးကု ဆရာဝန် စမ်းသပ်ခ - (၃၀၀၀ ကျပ်) ဆီ သွားပြတာပါ။

ပထမ ကလေးဆရာဝန်က အဆီကျိတ်ဆိုတော့ မာမီလည်း အဆီကျိတ်များလားလို့။

၂၀၀၉ ခုနှစ်လောက်က မာမီ ဘယ်ဘက်လက် လက်ကောက်ဝတ်မှာ အဆီကျိတ် အလုံးလေး သေးသေးလေး ဖြစ်ဖူးသေးတယ်လေ။ မာမီ လက်ကောက်တွေ ၀တ်ထားရင်း တခုခု နဲ့ တိုက်မိတဲ့အခါမှာ ကိုယ် ကိုယ်တိုင်က သိပ်မနာလို့ သတိမထားမိပေမယ့် အဲဒီ ဒဏ်ရာက အထဲမှာ ဒဏ်ဖြစ်သွားတယ်။ ဒဏ်ဖြစ်ပီး နောက်ပိုင်း အဆီပိုတွေက အဲဒီ နေရာမှာ အဆီတွေ လာစုတော့ အဆီကျိတ် ဖြစ်သွားတာပေါ့။ နောက်ပိုင်း အဲဒီ အဆီကျိတ် အလုံး သေးသေးလေးက သူ့ဘာသာ သူ ပျောက်သွားတယ်။ အခု မရှိတော့ပါဘူး။

အဲဒီ အကြောင်းကို ဆေးသွားဝယ်ရင်းနဲ့ ဆေးခန်းက ဒေါက်တာက ရှင်းပြတာပါ။ သူ့ ဆေးကျောင်းသား ဘ၀ က တန်းနစ် ရိုက်ရင်း လက်ကို ဘောလုံး မှန်ဖူးတယ်။ နောက်ပိုင်း အဲဒီ လက်ဖမိုးက ဒဏ်ဖြစ်တော့ လက်ဖမိုးပေါ်မှာ အဆီကျိတ်တစ်လုံး ထွက်လာတယ်။

အဆီကျိတ် သဘောတရားက ကိုင်ရင် ဘာမှ မနာဘူး။ ကြီးလာ လား ဆိုတော့လည်း သိပ်မကြီးဘူး။ အဆီကျိတ်ကို ချေရင်လည်း မနာဘူး။

အဲဒီ ဆရာဝန်လေးကပဲ တရုတ်တန်း ရွှေပုစွန် နဲ့ မျက်နှာချင်းဆိုင် က ၈ လမ်း အပေါ်ဘလောက်မှာ အရိုး တွေ ကျောက်ပတ်တီး စီးပေးတဲ့ ဆရာဝန် ဆီမှာ အဲဒီ အဆီကျိတ်ကို အပ်နဲ့ စုပ်ထုတ်။ ပီးတာနဲ့ အဲဒီ အပေါက်ထဲကို မိုးရေ သွင်း။ အဲဒီ အလုံးလေးက ပြန်ပိန်သွားပီး။ နဂို အနေအထားအတိုင်း ပြန်ဖြစ်သွားလိမ့်မယ်တဲ့။

မာမီ ပထမ SSC ရွှေဂုံတိုင်က အရိုးအထူးကုကို သွားပြသေးတယ်။ အရိုးအထူးကု သမားတော်က ခဏလေးပဲ တချက်လောက်ကြည့်လိုက်ပီး ခွဲစိတ်ရမယ်။ နာရီဝက်လောက်ပဲ ကြာမယ်။ မခွဲရင် အဲဒီ အဆီကျိတ် အလုံးလေးက ကြီးလာပီး လက်ကောက်ဝတ် သွေးကြောကို သွားပိတ်လိမ့်မယ်တဲ့။ မာမီလည်း လန့်တာပေါ့နော်။ ဒါပေမယ့် မာမီလည်း အလုပ်တွေ ရှုပ်နေတာနဲ့ SSC လည်း မသွားဖြစ်သလို တရုတ်တန်းလည်း မသွားဖြစ်ပါပဲနဲ့ မာမီ ဘယ် လက်ကောက်ဝတ်က အဆီကျိတ် အလုံးလေး က သူ့ဘာသာ သူ ပျောက်သွားတော့တယ်။

မာမီလည်း အဲဒီ လက်ကောက်ဝတ်မှာ ၅ ကျပ်သားလောက် အလေးချိန် ရှိတဲ့ အခေါက်ရွှေ လက်ကောက်ကွင်းတွေ ကို မ၀တ်ရဲတော့သလို ကိုယ့်ကိုကိုယ်လည်း ဒဏ်ဖြစ်အောင် မနေမိအောင် ဒဏ်ဖြစ်ပီ ဆိုတာနဲ့ ဒဏ်ကြေလိမ်းဆေးကို ချက်ချင်း လူးတတ်နေပါပီ။

အသက်ကြီးပီဆိုတော့ အမှုမဲ့ အမှတ်မဲ့ ဒဏ်ဖြစ်မိတိုင်း ပေါ့ဆ မနေရဲတော့ပါဘူး။

ဒီလကုန်လောက်ကျရင်လည်း မာမီ မျက်စိ check up သွားလုပ်ပါမယ်။ ဘာလို့လည်း ဆိုရင် မာမီ အစားအသောက်ကြောင့် မဟုတ်ပဲ မစားဘဲနဲ့ တခါတလေ ဇက်ကြောတတ် လို့လေ။

မျက်စိက အဝေးကော အနီးကော ကောင်းကောင်းရှင်းရှင်းလင်းလင်း မြင်ပေမယ့်လို့ မျက်မှန်တတ်တဲ့အခါမျိုးမှာ ဇက်ကြောတတ်တာ သက်သာတယ်လေ။

လို ရ မယ်ရ ပါ။

မာမီ ဆီမှာ မျက်စိအောင့်တာတို့ ဘာတို့တော့ မရှိပါဘူး။

ဒီအတိုင်း မျက်စိကို check up လုပ်ရုံပါ။ မျက်စိအထူးကုသမားတော် ဆရာဝန် စမ်းသပ်ခ 3000 ကျပ် လေ။

မျက်မှန်ကတော့ ရွှေကိုင်းလေး လုပ်မလားလို့။ မျက်မှန်ဖိုးက ပိုကုန်မှာ။ ကြည့် ကြည့်ပါအုံးမယ်။

မျက်မှန်နဲ့ဆိုတော့ မာမီ အဘွားကြီးနဲ့ ပိုတူသွားမလား မသိပါဘူး။ :D :D

ရန်ကုန်မှာ နေတုန်းက ရေးထားတဲ့ ပိုစ့်ပါ။ 

သားသား မျက်စိစွန်တာ ပျောက်သွားပါပီ။ 

ငယ်သူငယ်ချင်း လာပေးတဲ့ ကျောက်ပြင်သေးသေးလေးနဲ့ ထင်းရှုးဆီကို ပါးပါးလေး သွေးပီး ယောင်နေတဲ့ မျက်ခွံပေါ်ကို ညအိပ်တိုင်း လိမ်းပေးလိုက်တာ ပျောက်သွားတယ်။

တိုက်ဆိုင်တာလား။ မျက်စိစွန်ရင် ထင်းရှုးဆီ သွေးလိမ်းရတယ်ဆိုတာ အမှန်လားတော့ မသိပါဘူး။ သားသားကတော့ မျက်စိစွန်တာ ပျောက်သွားတာတော့ အမှန်ပဲ။ အော် .. ရေနွေးနွေးလေး အ၀တ်ပါးပါးလေးနဲ့လည်း စွန်နေတဲ့ မျက်လုံးကို ကျပ်ပူထိုးရသေးတယ်။ 

ကိုယ့် အခု ထက်ထိ မျက်မှန် မတပ်ရသေးပါဘူး။ မျက်မှန်တော့ အားပီး သွားလုပ်လိုက်တာ ဒီကို အဆစ်ပါလာသေးတယ်။ 

မျက်စိကိုတော့ အထူးဂရုစိုက်တာပဲ။ အပူ မငုပ်အောင်။ အဝေးမှုန်မှာ ကြောက်လို့ ခဏ ခဏ အဝေးကို ကြည့် ကြည့်ပီး စစ်နေတယ်။ အနီးလည်း စစ်နေတယ်။ တခါတလေ ခြေဖ၀ါးကို ဆားပွတ်ပီး ရေချိုးတယ်။  အပူ မငုပ်အောင်လို့။ :)


0 comments :