Wednesday, December 14, 2011

ငါးပုတ်ပြားဆီပြန်ဟင်း



ငါးပုတ်ပြားခြောက်
 

 
ငါးပုတ်ပြားခြောက်တွေကို နှစ်သက်သလို အနေတော် လေးထောင့်အတုံး လှီးထားလိုက်ပီး


ဆီထည့်ထားတဲ့ အိုးထဲမှာ ဆီပူလာတာနဲ့ တပြိုင်နက် နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ ထည့်၊


ဆနွင်းမှုန့်၊ ငရုတ်သီး အရောင်တင်မှုန့်ထည့် ဆီသတ်ပီး၊


ရှစ်စိတ်ခြမ်း ခရမ်းချဉ်သီး အနေတော် ၂ လုံးလောက်ထည့်။ ငရုတ်သီးစိမ်း ထက်ခြမ်းခွဲထည့်၊ နံနံပင် အရွက်မပါ ရိုးတံလေးတွေ ပါးပါးလှီးထားတာထည့်၊ ရေလေး အနည်းငယ်ထည့်ပီး ခရမ်းချဉ်သီး နှင့် ငရုတ်သီးစိမ်းနူးစပြုပီး ဆီမပြန်သေးခင် အသားများတဲ့  ငါးပုတ်ပြားခြောက် အသားတုံး များကိုထည့်မွှေ။
မန်းကျည်းမှည့်ရည်ထည့်ချက်။ 
 

 ( ငါးပုတ်ပြားခြောက်က အသားများပီး ချက်လိုက်ရင် နူးလွယ်တယ်။ ငါးရံခြောက်ကျတော့ အသားနည်းတယ်။ အရိုးများတယ်။ ငါးရံခြောက်ကို မချက်ခင် ရေ အနည်းငယ်စိမ်ပီး ချက်ရင် ချက်တဲ့ အခါ ငါးခြောက်ဟင်း မြန်မြန်ကျက်တယ်။ ) 


 ငါးပုတ်ပြားခြောက်လည်း နူးစပြု၊ ဆီပြန်လာခါနီးမှာ ဟင်းခတ်မှုန့်လေးဖြစ်ဖြစ်၊ အချိုမှုန့်လေး နည်းနည်းခတ်ပီး နံနံပင်ကို ပါးပါးရိပ်ရိပ်လေးလှီးပီး အုပ်ပေးလိုက်ရင် ခံတွင်းမြိန်စရာ  ခရမ်းချဉ်သီး ငါးခြောက်ချက်ဟင်းတစ်ခွက်ပါ။
  

 ကုလားပဲကို အရင်ပြုတ်ထားလိုက်ပါတယ်။ 

ဆီအနည်းငယ်ထည့် ... ဆီပူလာပီဆိုတာနဲ့ နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ ထည့်။ ဆနွင်းမှုန့်နည်းနည်း၊ ငရုတ်သီး အစိမ်းမှုန့်ထည့်ပီး ဆီသတ်။
(ဆနွင်းမှုန့်က စိမ်းစားငပိ ထည့်မှာမို့ စချက်ကတည်းက ဆနွင်းမှုန့် အနည်းငယ်နဲ့ ဆီသတ်ချက်ထားလိုက်တာ) 
ဆီသတ်ပီးရင် ကုလားပဲ၊ အားလူး၊ ခရမ်းသီး၊ ပဲတောင့်ရှည်၊ ပျဉ်တော်သိမ်ရွက် ထည့်။
စိမ်းစားငပိကို အနည်းငယ်လောက် ရေဖျော်ပီးထည့်တယ်။

ခုဏက ပြုတ်ထားသော ကုလားပဲ ပြုတ်ရည်များ ထည့်တယ်။
ရေထည့်၊ ငံပြာရည် ၅ ဇွန်းလောက် ထည့်ပါတယ်။

ခရမ်းသီး နှင့် ပဲတောင့်ရှည်များ နူးလာခါနီးမှာ နူးလွယ်တဲ့ ရုံပတေသီးစိတ်များကို ထည့်ပီး အဖုံး အုပ်ထားလိုက်ပါတယ်။

ရုံပတေသီး နူးစ ပူလာပီ ဆိုတာနဲ့ မန်းကျည်းမှည့်ရည်လေး နည်းနည်းလောက် ထည့်တယ်။ 
ဆားလေးနည်းနည်း၊ ကုလားလေး မဆာလာအုပ်ချက်ထားသော သီးစုံကုလားပဲဟင်း
 
  

အရင်ပိုစ့် ...





2 comments :

Anonymous said...

အိမ်မှာ ရှိတဲ့ ငါးဘုတ်ခြောက်က ဆားအရမ်းနဲ့ကို ငံနေပါတယ်။ အဲ့ဒါ ချက်ရင် အငံပေါ့သွားအောင် ဘယ်လို ချက်ရမလဲ ... ခုလိုမျိုး ချက်တာလေး အရမ်းနဲ့ကိုကြိုက်ပါတယ်။း)ကျေးဇူး

Thet Nandar Family said...

Anonymous ...

ဟုတ်တယ်။ ငါးပုတ်ခြောက်က ငံတယ်လေ။ သူ့ကို ဖုတ်စားပီး သံပုရာသီး များများညစ်စားတာတောင်မှ အမလေး ငံလိုက်တာလွန်ရော.

အခု ချက်ထားတာက ကြက်သွန်နီ အလုံး ကြီး တစ်လုံး၊ ကြက်သွန်ဖြူလည်း ပါတယ်။
အချဉ်အတွက် ခရမ်းချဉ်သီး များများ နှင့် မန်းကျည်းမှည့်ရည် ထည့်ချက်ထားတာလေ။

ခရမ်းချဉ်သီး ဆီသတ်ချက်နေတုံးမှာ နံနံပင် အမြစ် သို့မဟုတ် နံနံပင် အရိုးလေးတွေကို ထည့်ချက်ရင် ပိုစားကောင်းတယ်။

ဟင်းအိုး ချခါနီးမှာ ဆား နည်းနည်း (သို့) ၊ အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့် နည်းနည်းက စိတ်ကျေနပ်အောင် စတိလောက် ထည့်ချက်ထားတာ။

ငရုတ်သီးစိမ်း နူးနူးလေးတွေကလည်း ချဉ်၊ ငံ၊ စပ် အရသာကဲအောင် ခံတွင်းလိုက်အောင် ပံ့ပိုးပေးသေးတယ်လေ။