Thursday, December 15, 2011

ခြေခေါက်

21.2.2011 ညနေ ၅ နာရီ ပတ်ဝန်းကျင်လောက် ကိုယ်ရယ် .. သမီးလေး၊ သားသား တို့ လမ်းလျှောက်နေတုန်း ကားလာလို့ ဘေးကို ကပ်လိုက်တာ။ လမ်းက ချိုင့်ကို ကတ္တရာနဲ့ ဖို့ထားတာ ဆိုတော့ ချိုင့်ကို ဖို့တဲ့ နေရာက မြင့်နေပီး ချိုင့်မရှိတဲ့ နဂို ကတ္တရာလမ်းအဟောင်းက နိမ့်နေတဲ့အခါကျတော့ ကိုယ် လည်း အခန့်မသင့်ပဲ ခြေခေါက်သွားတယ်။ ချော်တော့မလဲဘူး။ သားသားကို ချီထားတာ ဆိုတော့ အပေါ်က အလေးချိန်နဲ့ ပေါင်းပီး ခြေထောက်က ခေါက်ကာစမှာ တော်တော်လေးကို နာတယ်။

အပြင်မသွားခင် နေ့လည်လောက်က ရေချိုး၊ ခေါင်းလျှော်ထားတော့ အဲဒီလိုမျိုး ခြေခေါက်တဲ့အချိန်မှာ သားသားကို ချီထားရာကနေ အောက်ကို ချထားပီး။ ခဏလောက် မတ်တပ်ရပ်နေရတယ်။ အရမ်းနာတာပဲ။ လမ်းတောင် ဆက်လျှောက်လို့ ရပါတော့မလားလို့ စိုးရိမ်စိတ်ဝင်သွားတယ်။ ခြေထောက်အထဲကနေ အပူငွေ့တွေ ခနွာကိုယ် အပေါ်ဘက်ကို တက်လာနေတာ၊ ခြေထောက်က ပူရှိန်းရှိန်း ဖြစ်နေတာကိုလည်း သိတယ်။ ၅ မိနစ်သာသာလောက် ခဏလေး မတ်တပ်ရပ်နေလိုက်ပီး ခလေး ၂ယောက်ကို လက်ဆွဲပီး လမ်းဆက်လျှောက်လာခဲ့တာပေါ့။

အိမ်ရောက်တော့ Voltex ဒဏ်ကြေလိမ်းဆေးလည်း လိမ်းတယ်။ Uniren - ဒဏ်ကျေဆေး စပရေးလည်း ခြေမျက်စိကို ဖျန်းတယ်။ ပီးတာနဲ့ ပတ်တီး စီးထားလိုက်တယ်။ ပါရာစီတမော တစ်လုံးလောက် သောက်၊ စောင်ခြုံပီး dream bed ပေါ်မှာလှဲအိပ်၊ တီဗီ ကြည့်နေလိုက်တယ်။

စောပိုင်းက လမ်းလျှောက်ထားတော့ သွေးပူနေပီး အခုလိုမျိုး လှဲနေတာ ကြာလာတဲ့အခါ ခြေထောက်က ခြေခေါက်ထားတဲ့ အရှိန်နဲ့ လေခိုပီး ယောင်လာတယ်လေ။

မနက်ကျတော့လည်း သွားစရာတွေက ၂ ခု ရှိတယ်။ မသွားမဖြစ် သွားကိုသွားရမှာ ဆိုတော့ သားအမိ ၃ယောက် သွားရတော့တာပေါ့။ လှေကားပေါ်က ဆင်းရင် နာတဲ့ ညာဘက်ခြေထောက်ကို အရင်ဆင်းပီးမှ မနာတဲ့ ဘယ်ဘက်ခြေထောက်က လိုက်ဆင်းရတယ်။

လမ်းပေါ်ရောက်တော့လည်း လမ်းကို ပဲ ကြည့်ပီး လျှောက်နေရတယ်။ နေပူတော့ ခြေထောက်က သိပ်တော့ မနာဘူး။ လမ်းလျှောက်နိုင်တယ်။ အိမ်ထဲမှာတုန်းကတော့ ကိုယ့်ကိုကိုယ်ညှာနေတာနဲ့ လမ်းလျှောက်လိုက်တိုင်း နာနေတယ်။

ကိုယ်လည်း ဘောင်းဘီရှည်ဝတ်ထားပီး သားလေးကို လက်တွဲ ဖြည်းဖြည်းလျှောက်နေတာဆိုတော့ တော်ရုံ တန်ရုံဆိုရင် ခြေထောက်နာနေတဲ့သူ လို့ ဘယ်သူမှ မြင်မှာ မဟုတ်ဘူး။

ခြေထောက်က လမ်းလျှောက်လိုက်တိုင်း နာနေတာက တကြောင်း၊ ကြီးလာရင် ဒဏ်ဖြစ်မှာ ကြောက်တာက တကြောင်း၊ အရိုးများ ကျိုးသွားလားဆိုပီး စိုးရိမ်တာလည်း ပါတယ်။ 

ဒါနဲ့ပဲ ဖေဖေဆီကို ဖုန်းဆက်တယ်။ ဖေဖေ အသက်ထင်ရှားရှိနေသေးတာကို ဘယ်လို ကျေးဇူးတင်မှန်းမသိဘူး။ ဖေဖေ နဲ့ ဖုန်းပြောပီးတော့ စိတ်က တော်တော်လေးကို ပေါ့သွားတယ်။
ဖေဖေက မင်းဆေးခန်းကို သွားပြခိုင်းတယ်။ မသွားခင် ဖုန်းဆက်ပီး booking ယူဖို့ ပြောတယ်။ သမီး ဆေးခန်းသွားပြတဲ့အချိန် ဖေဖေ အိမ်မှာ လာစောင့်ပေးပီး ကလေးတွေကို ကြည့်ပေးမယ်လို့လည်း ပြောတယ်။ ရပါတယ် ဖေ ... အခုလည်း သက်တို့ အပြင်ကို သွားနေတာ။ ရုံးကိုလည်းသွားပီးပီ။ မီတာခလည်း သွားဆောင်သေးတယ်။ လမ်းကတော့ လျှောက်လို့ ရပါတယ်။ ခြေမျက်စိက ယောင်နေလို့ ဆေးခန်းပြထားလိုက်တာ ကောင်းမယ်၊ ကလေးတွေကတော့ ဆေးခန်းကို ခေါ်သွားလို့ ဖြစ်ပါတယ်။ ဆိုပီး ပြန်ဖြေလိုက်တယ်။

ကိုယ့်လို အိမ်ရှင်မ တစ်ယောက်ဆီ မှာ နားရက်မရှိပါဘူး။ အခုလို အခြေအနေမျိုး ကြုံလာပေမယ့်လည်း ဘာမှ မတတ်နိုင်ဘူးလေ။ ဒီလိုပဲ ရှေ့ကို ဆက်လျှောက်ရမယ် ဆိုတာ သိတယ်လေ။ အဲဒါနဲ့ မင်းဆေးခန်း Phone No : 222473 ကို ဖုန်းဆက်တာ booking no. 90 ည မိုးချုပ်မှပဲ ကိုယ့် အလှည့်က။ ဆေးခန်းက ညနေ ၄ နာရီမှ စဖွင့်တာ။

ဒါနဲ့ ညစာ စားအပီး တရုတ်တန်းက Junction Maw Tin နဲ့ မျက်နှာချင်းဆိုင်လမ်းကို သွား။ အိမ်နံပါတ်က ၈၀၊ ၈ လမ်း ကို ရောက်တော့ ကိုယ့်အရှေ့မှာ လူတွေ စောင့်နေတာမှ အပြင်မှာတောင် ထွက်ထိုင်နေကြသေးတယ်။ ဒါပေမယ့် လူနာ ၅ယောက်လောက်ပဲ စောင့်လိုက်ရတာပါ။

အသက်ကြီးတဲ့ အဘွားကြီး တစ်ယောက်က ခါးနာတာ။ နောက်တယောက်က လက်ကျိုးလို့ ကျောက်ပတ်တီး စည်းပီး ပြန်ဖြုတ်တာ ၁ လကျော်ပေမယ့် လက်က ယောင်ပီး နာနေတာ။ ကျောက်ပတ်တီး စည်းထားတဲ့အချိန် လက်ကို လေ့ကျင့်ခန်း လုပ်ပေးရတယ်တဲ့။ မလုပ်ရင် ကျောက်ပတ်တီး ပြန်ဖြေတဲ့အခါ လက်က ယောင်တတ်တယ်လို့ ပြောနေကြတာပဲ။ လက်လေ့ကျင့်ခန်းက ဘောလုံးလေး လက်ဖ၀ါးထဲ ဆုပ်ချီ ဖြန့်ချီ လုပ်ပေးတဲ့ လေ့ကျင့်ခန်းလေ။ ခြေထောက်ကျောက်ပတ်တီး ဆိုရင်တော့ ကျောက်ပတ်တီး စီးနေစဉ်ကာလမှာ လမ်းလျှောက်လေ့ကျင့်ပေးရတယ်လို့ ပြောနေကြတာပဲ။

နောက်တယောက်ကျပြန်တော့လည်း ခြေဖ၀ါးမှာ ခြေဆီ ထွက်တာ ဖိနပ်က ရှောပီး ခြေခေါက်တာ ခြေဖ၀ါး ဘေးဘက်က အရိုးတွေ ကျိုးသွားတယ် ဆိုလား။ တလလောက်ကြာပီ မသက်သာသေးတာတဲ့။ အမလေး ... ကိုယ်ထက် အဖြစ်ဆိုးတဲ့သူတွေ တွေ့တော့ ကိုယ် ဒဏ်ရာက အသေးအမွှားဖြစ်သွားတယ်။

ဆရာဝန်နဲ့တွေ့တဲ့အခါကျတော့ ခြေထောက်ကို ခုံပေါ်တင်ပေး၊ ခြေဖ၀ါးကို အပြန့်လိုက် ဖြောင့်တယ် ။ မနာဘူး။ နောက် ခြေချောင်းလေးတွေကို ခြေဆစ်ချိုးတယ်။ မနာဘူး။ ဒါနဲ့ ဂွမ်းပေါ်ကို ဒဏ်ကြေလိမ်းဆေး စွပ်ပီး ပတ်တီးစည်းပေးတယ်။ ယောင်တာက ခြေခေါက်သွားတော့ လေခိုသွားတာလေ။

မင်း - ဒဏ်ကျေလိမ်းဆေး
ဒါက မင်းဆေးခန်းက ထုတ်တဲ့ မင်း ဒဏ်ကျေဆေး။ ပါဝင်တဲ့ ဆေးတွေက ချင်း၊ ပရုတ်၊ ပရုတ်အေး၊ တေဇောဆီ၊ သက်ရင်းကြီးမြစ်၊ နလင်ကျော်မြစ်၊ ၀ံအူမြစ် တို့ ပါဝင်ပီးတော့ ။ ဘယ်လို ရောဂါတွေကို သုံးနိုင်တယ်ဆိုတာကတော့ ကြွက်သားတောင့်တင်းကိုက်ခဲခြင်း၊ ဇက်ကြောတက်၊ ဒူးနာ၊ ခါးနာ၊ အဆစ်အမြစ်၊ အရွတ် ယောင်ခြင်း၊ လက်မောင်းကပ်ခြင်း၊ အရိုးကျိုးအက်ခြင်း၊ ခြေလက် ထုံခြင်းတွေအတွက် သုံးစွဲ နိုင်တယ်လို့ ပါတယ်။ တစ်ပုလင်းကို ၁၅၀၀ကျပ် လေ။ နောက်ထပ် ပုလင်းအသေးလေးရှိသေးတယ်။ ဈေးက ၅၀၀ ကျပ်။

Gizol
ဒါက ဆရာဝန်ပေးလိုက်တဲ့ သောက်ဆေး။ မနက် တစ်လုံးပဲ သောက်ရမယ်။ အစာအိမ်ရောဂါ ရှိတဲ့လူတွေနဲ့ မတည့်ဘူး။

Celco
ဒီဆေးလည်း မနက် တစ်လုံးပဲ။ ၅ ရက် သောက်ရမယ်။

myanmar china town က အရိုး နဲ့ ပတ်သက်ပီး ကုသပေးတဲ့ နာမည်ကြီး ဆရာဝန် တချို့က တရုတ်တန်း ရွှေပုစွန် ဆိုင် နှစ်ဆိုင်ကြားက လမ်းကြားထဲ ၀င်သွားရင် တွေ့ရတဲ့ ဆေးခန်း နဲ့ ၁၆ လမ်း မှာလည်း တခြား ဆေးခန်း ၂ ခု ရှိသေးပါတယ်တဲ့။

လောလောဆယ်တော့ ကိုယ် လည်း အဲဒီ မင်း ဆေးခန်း တစ်ခုပဲ ဖုန်းနံပါတ် သိတာမို့ မင်းဆေးခန်းမှာပဲ ပြလိုက်တာပါ။ အဆင်ပြေပါတယ်။ နောက် ၅ ရက်လောက်ဆို ခြေထောက်က သက်သာလာမှာပါ။ :P

အသိတစ်ယောက်ပြောပြဖူးတာက သူ့ တင်းနစ် ရိုက်တုန်းက ဘောလုံး လက်ဖမိုးကို မှန်ဖူးတယ်။ ဒဏ်ဖြစ်သွားတဲ့ နေရာမှာ အဆီတွေ လာစုနေပီး။  နောက် ကြာလာတဲ့ အခါကျတော့ အဲဒီ လက်ဖမိုးပေါ်မှာ အဆီကျိတ် အလုံးလေး ထွက်လာတယ်တဲ့။ ကိုင်ကြည့်ရင် မနာဘူး။ ဖိချေလို့လည်း ဘာမှ မဖြစ်ဘူး ပြောတယ်။ ဒါနဲ့ပဲ ရွှေပုစွန်နားက အရိုး ဆေးခန်းမှာ သွားပီး အဲဒီ အဆီလုံးကို အပ်နဲ့ စုပ်ထုပ်တာ။ အထဲက ဂျယ်လီလိုမျိုးလေးတွေ ထွက်လာတယ်။ ပီးတာနဲ့ မိုးရေ ထည့်သွင်းပေးလိုက်တာ။ အခု ဆို အဲဒီ အဆီလုံး မရှိတော့ဘူး။


0 comments :