Tuesday, December 6, 2011

ဘူးသီးကြော်၊ ကျောက်ကျောရည်



ဆန်မှုန့် ( Rice Flour ) = ၂ ခွက်


ကောက်ညင်းမှုန့် ( Glutinous rice flour ) = ၁ ခွက်


ကုလားပဲ အစိမ်းမှုန့် ( Besan (or) Chickpea ) = ၁ ခွက်


ဒီအထုပ်က ကုလားပဲ အကျက်မှုန့်ပါ။ အိမ်မှာ အကျက်မှုန့် နည်းနည်းပဲ ကျန်နေလို့ ဒီနေ့ ဘူးသီးကြော်တဲ့ အခါမှာ ကုလားပဲ အစိမ်းမှုန့် ထည့်ပီး မုန့်နှစ်စပ်ကြော်ထားပါတယ်။


မွှေး ကုလားပဲ အကျက်မှုန့်ထုပ် လက်ဆောင်ရထားတာ ရှိပါတယ်။ နှမြောလို့ မသုံးပဲ သိမ်းထားတယ်။ :)


ဆန်မှုန့် = ၂ ခွက်
ကောက်ညင်းမှုန့် = ၁ ခွက်
ကုလားပဲမှုန့် = ၁ ခွက်
ရေ = ၂ ခွက် 
ဆား = လက်ဘက်ရည် ဇွန်း ၁ ဇွန်း
ဟင်းခတ်မှုန့် = လက်ဘက်ရည်ဇွန်း ၁ ဇွန်း


မုန့်နှစ်ပျစ်ပျစ် စပ်ဖျော်ထားပါတယ်။
 


ဘူးသီးကို ဆီနှစ်ပီး မီးမြေးမြေး ... အိမ်မှာတော့ မီးဖိုမီး နံပါတ် ၄ နဲ့ ကြော်ထားပါတယ်။


အရင်ဆုံး .. မုန့်နှစ် ပျစ်ပျစ်ထဲ ငရုတ်သီးစိမ်းတောင့် အနည်းငယ်ကို ရေဆေးပီး မုန့်နှစ်ပျစ်ပျစ် ကပ်ပီး ကြော်လိုက်ပါတယ်။  

မုန့်နှစ်က ကြော်ရင်း ကြော်ရင်းနဲ့ အရည်ကျဲသွားတတ်တာမို့ မုန့်နှစ်စပ်ပီးတာနဲ့ ငရုတ်သီးတောင့်ကို အရင်ကြော်ထားလိုက်ပါတယ်။
ငရုတ်သီးတောင့် အပြည့် မုန့်နှစ်ကပ်ကြော်တယ်။

မုန့်နှစ် အပြည့် ကပ်ပီးမကြော်ရင် ငရုတ်သီးကြော်ဖြစ်ပီး အိမ်ထဲမှာ ငရုတ်သီးကြော်နံ မွှန်သွားလိမ့်မယ်။


အချဉ်က ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီး အကျက်မှုန့်၊ နံနံပင်၊ မန်းကျည်းမှည့်ရည်၊ ငရုတ်ဆီ၊ ငံပြာရည်
 


ဘူးသီးကြော်
 

ကြွပ်ကြွပ်လေး




ဘူးသီးကြော်၊ ဂေါ်ဖီ၊ အချဉ်ရည်


ငရုတ်သီးကြော် စပ်စပ်လေး




အိမ်မှာ ပဲပင်ပေါက်လေး နည်းနည်းရှိတာနဲ့ ပဲပင်ပေါက်ကို မုန့်နှစ်ကပ်ကြော်ထားတဲ့ ပဲပင်ပေါက်ကြော်




NNW ရေ ... ဒါ အမေရိကားက အေရှန်ဆိုင်မှာ ၀ယ်လို့ရတဲ့ ကျောက်ကျော (အမဲ) ပါ။


အဖုံးကို ဖွင့်လိုက်ရင် ကျောက်ကျော (အမဲ) ထဲ ထည့်စားဖို့ သကြားရည် ၂ ထုပ် ပါ ပါတယ်။


အိမ်က ရေခဲတုံး



ဖန်ခွက်ထဲ ရေခဲတုံးကို အရင်ထည့်ပီး ကျောက်ကျောတုံးထည့်၊ သကြားရည်ထည့်ပီး ဖျော်ထားတဲ့ ကျောက်ကျောရည်








ဝက်သားသုံးထပ်သား ဆီပြန်ဟင်း


ဝက်သား သုံးထပ်သားကို ၀က်ပုန်းရည်ကြီးဟင်း၊ ၀က်သားစတူး နှင့် ၀က်သားနီချက်ဟင်း ... ချက်ဖူးပါတယ်။

ဒီနေ့ချက်တာကတော့ ၀က်သားသုံးထပ်သားကို မအီအောင် ခရမ်းချဉ်သီးအနှစ်များများနဲ့ ထည့်ဆီသတ်ပီး ဟင်းအိုးဆူလာခါနီးမှာ မန်းကျည်းမှည့်ရည် ထည့်ချက်ထားသော ၀က်သား သုံးထပ်သား အချဉ်ဟင်းပါ။




ကျောက်ဖရုံသီးဟင်းရည်


ကြက်သွန်ဖြူ၊ ဂျင်း၊ ၀က်နံရိုး၊ ကျောက်ဖရုံသီး၊ ဆား၊ ဟင်းခတ်မှုန့် ထည့်ချက်ထားပီး


စားခါနီး ... ဟင်းရည်ပူပူမှာ ငရုတ်ကောင်းမှုန့် ဖြူးထားသော ကျောက်ဖရုံသီးဟင်းရည်


အရင်ပိုစ့် ...


စက်တင်ဘာမှာ ကြော်စားတဲ့ ဘူးသီးကြော် နှင့် ကြက်သား ဘူးသီးဟင်း

အောက်တိုဘာမှာ ကြော်စားတဲ့ ဘူးသီးကြော် နှင့် ကောက်ညင်းငချိတ်၊ ဆီထမင်း၊ ပဲပြုတ်၊ ပုစွန်ခြောက်၊ ကြက်သွန်ကြော်

နိုဝင်ဘာမှာ ကြော်စားတဲ့ ကောက်ညင်းဆီထမင်း နှင့် ငါးရံခြောက်ဖုတ်၊ ကောက်ညင်း အုန်းနို့ပေါင်း

5 comments :

rose said...

ဘူးသီးကြော်နဲ့ အချဉ်ရေကို ကြည့်ပြီး အရမ်း စားချင်သွားတယ် အစ်မရေ...။ ဒီမှာ ဗူးသီးက ၀ယ်မရတော့ မစားဖြစ်တာ နှစ်အတော်ကြာနေပြီ။ အမေရိကားမှာ အကုန်ရတာပဲနော်။ ကောင်းလိုက်တား) အခုလို အထုတ်လေးတွေကို သေချာ ဓာတ်ပုံရိုက်ပြီး ရှင်းပြပေးတာ ကျေးဇူးပါ အစ်မ။

Anonymous said...

Want to eat so much am Thet nandar.

Thet Nandar Family said...

Rose ....

စားသောက်ကုန်အထုတ်လေးတွေကို ဓာတ်ပုံရိုက်ပြတာက ... ရေခြား မြေခြားမှာ ရှိနေတဲ့ သူငယ်ချင်းတွေကို အမေရိကားမှာ ဒီလို အထုတ်မျိုးနဲ့ ချက်စားပါတယ်။ ၀ယ်လို့ရပါတယ်။ ဈေးနှုန်းက ဒီလောက်ပါ ဆိုတာ ပြောပြပေးချင်တာပါ။

နောက်တခုက .....

ဥပမာ ... ကောက်ညင်းပေါ့နော်။

အိမ်မှာ ချက်တာ sweet rice လေ။ ကောက်ညင်းချက်ရင် ရေမစိမ်ပဲနဲ့ တန်းချက်လို့ရပါတယ်။

တခြား ... ရိုးရိုး ကောက်ညင်းဆန်ကျတော့ တညလောက် ရေစိမ်ပီး ချက်မှ အဆင်ပြေတာလေ။

အဲလိုမျိုး ကွဲပြားတယ်ဆိုတာကိုလည်း မြင်စေချင်တာလည်း ပါ .. ပါတယ်။

အမကလည်း အိမ်လာလည်တာ၊ ခြေရာ ချန်ထားခဲ့တာ ကျေးဇူးပါ ....

Anonymous ....

Ama လို့ ဆိုလိုချင်တာလား မသိဘူးနော်။

am ဆိုတော့ comment ကို approve လုပ်ရ အခက် ... မလုပ်ရ အခက်နဲ့ .. ဟား ... ဟား ... နောက်တယ်။ ကွိုင် ဘဲ။

အမက တမင် Anonymous ထား ထားတာပါ။

လူတွေ အကြောင်း သိချင်တာလည်း ပါတယ်။

အတွေ့အကြုံ ပေါ့။

အင်တာနက်လောကမှာ ပြောချင် ဆိုချင် ... ဆရာကြီး လုပ်ချင်တဲ့ Netizens (အင်တာနက် နိုင်ငံသား) ကတ် ကိုင်ဆောင်ထားသူတွေကြောင့် အမရဲ့ တချို့ ပိုစ့်တွေဆို ကွန်မန့် အများကြီးရတယ်။

ဥပမာ ... ရှမ်းထမင်းချဉ် - ငါးထမင်းနယ်၊ တို့ဖူးနွေး ...

ရီလည်း ရီရတယ်။

အမဆို ဖတ်ပီး ရီလိုက်ရတာ ...

ဖတ်ပီးရင်း approve မလုပ်ပါဘူး။ Delete လုပ်လိုက်တာပါပဲ။

ကိုယ့်အိမ်မှာ ...
ကိုယ့် မီးဖိုချောင်မှာ ...
ကိုယ့် ကြိုက်နှစ်သက်သလို ...
ချက်စားနိုင်ကြပါစေလို့ ......

puupuu said...

ဘူးသီးကြော် နည်းလေးယူသွားပါတယ်နော်...
ဒါမဲ့လေ.. ဘူးသီးကြော်ရင် ပုံစံလှအောင်နဲ့
စားလို့ကောင်းအောင် ဘူးသီးလှီးတာလေးဓါတ်
ပုံရိုက်ပီးတင်ပေးပါလားဟင်..:)
ခင်မင်တဲ့
ပူးပူး

Thet Nandar Family said...

Puu Puu ....

ရွှေမြန်မာက ဘူးသီး အလုံးက ကြီးတယ်။

ရွှေမြန်မာဈေးထဲမှာ ဆို ဘူးသီးလေးတွေကို စိတ်ပီး ရောင်းတတ်ပါတယ်။

ဘူးသီး ချဉ်ရည် ချက်တော့မယ်ဆိုရင် အဲဒီ ဘူးသီး စိတ်ကို ပထမဦးဆုံးအခွံခွါ ...

ဘူးသီး အလုံးကို ဆိုရင် ပထမ ထက်ခြမ်းခွဲ ...

ထက်ခြမ်းကနေမှ နောက်ထပ် ထက်ခြမ်း ထပ်ခွဲ ...

အဲဒီ ထက်ခြမ်းကနေမှ နောက်ထပ် ထက်ခြမ်း ထပ်ခွဲရင်း ...

အနေတော် ဘူးသီး စိတ် ကို လှီးစိတ်ပီး ချဉ်ရည်ဟင်းတို့ ဘူးသီး ဟင်းခါးတို့ ချက်တတ်ကြတယ်။

မြင်အောင် ပြောရရင် .... ဘူးသီး ( အလုံး ) ဒေါင်လိုက် ပုံစံ ဘူးသီးစိတ်ကို ....

အလျားလိုက် အနေအထားနဲ့ .... ပါးပါးလှီး စိတ်သွားတာပါ ....

အခု ဘူးသီးကြော်ကျတော့ ... ဘူးသီး တစိတ်ကို အလျားလိုက် ... လက် လေးလုံး ပမာဏ လောက် ဖြတ်ထားပီးမှ လက်ညိုးချောင်း ပမာဏ ( အကျယ် ) .. အရှည် က လက်လေးလုံးလောက်ပေါ့ ....

ဘူးသီးကြော် တချောင်းခြင်းစီ ဆိုရင် လက်ညိုး တချောင်းစာ ပမာဏ လောက် လှီးစိတ်ပီး ကြော်တတ်ကြသလို ...

ဘူးသီးစိတ် သေးသေးလေးတွေ စိတ်ပီး မုန့်နှစ် နှင့် အတူ နှယ် ... ကော်ဖီ ပန်းကန်ပြား တပြားစာ ပမာဏ လောက်ထည့်ပီး ဘူးသီးကြော် လည်း ကြော်စားတတ်ကြပါသေးတယ်။

ကိုယ့် အိမ်မှာ ကိုယ်ကြိုက်သလို ကြော်စားတတ်ကြတာပေါ့နော် ...

အဓိက က ... ဘူးသီးစိတ် ကို သိပ်မကြီးတာ အကောင်းဆုံးပါ ...

မုန့်နှစ် မထူ မပါးတာ လည်း ပိုကောင်းပါတယ်။

ဘူးသီးစိတ် က လက်ညိုး တချောင်းစာ လောက်ဆို မုန့်နှစ်နဲ့ ကြော်လိုက်တာနဲ့ အထဲမှာ ရှိတဲ့ ဘူးသီးလည်း နူးပီး ချိုလာပါတယ်။

မုန့်နှစ်က ပြစ်ပြစ်လေး နဲ့ ကြော်တော့ ဘူးသီးကြော်က ကြွပ်တာပေါ့ ... ကုလားပဲ မှုန့် ပါတော့ ပိုမွ ပီး ပိုစားကောင်းပါတယ်။ ပိုပီး ခံတွင်းလိုက်အောင် မုန့်နှစ်ထဲမှာ ဂျင်းကို ထောင်းထည့်တာလည်း ပိုစားကောင်းပါတယ်။

အဆင်ပြေပါစေနော် ....

နောက်တခါ ဘူးသီးကြော်မှပဲ ဘူးသီး လှီးဖြတ်ထားတဲ့ပုံကို တင်ပေးပါတော့မည် ..

အိမ်က ဘူးသီးကြော်က လှ တာ မလှတာထက် ... ဒီ မုန့်နှစ် အချိုးအစား ... ဒီ မီးမြေးမြေး နဲ့ ဘူးသီးကို ကြော်လိုက်ရင် ဘူးသီးကြော် မွမွလေးလည်း ဖြစ်သလို ... စားလို့ကောင်းပါတယ် ....